Skip to main content

ဆင်းရဲနွမ်းပါးခြင်းမှ ရုန်းထွက် ကလေးအလုပ်သမားပြဿနာ တိုက်ဖျက်

၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော်ရှိသည့်အနက် ကလေးအလုပ်သမားဦးရေ ၁ ဒသမ ၁ သန်းကျော် ရှိနေသည်ဟုဆိုသည်။ အဆိုပါအရေအတွက်ထဲတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ၂၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ၇၄ ဒသမ ၆ ရာခိုင်နှုန်းပါဝင်သည်။ အဆိုပါကလေးအလုပ်သမားများသည် လုပ်ငန်းခွင်များတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်နေကြရကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံစီးပွားရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကလေးအလုပ်သမားဦးရေကို ၇၀ ဒသမ ၉ ရာခိုင်နှုန်းအထိ တွေ့ရပြီး စက်မှု ကုန်ထုတ်လုပ်ငန်းများတွင် ၁၂ ရာခိုင်နှုန်းနှင့် လက်လီလက်ကားရောင်းဝယ်ရေး၊ ယာဉ်၊ စက်ပြုပြင်ရေးလုပ်ငန်းများတွင် ၁၁ ရာခိုင်နှုန်း လုပ်ကိုင်နေကြသည်။ ကလေးအလုပ်သမားဆိုသည်မှာ ကလေးသူငယ်များအား ၎င်းတို့ကလေးဘဝ၊ အလားအလာနှင့် ဂုဏ်သိက္ခာဆုံးရှုံးစေသောအလုပ်၊ သို့မဟုတ် ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်အန္တရာယ်ပေးသော အလုပ်၊ သို့မဟုတ် ကျောင်းမတက်နိုင်အောင် ဟန့်တားခြင်း၊ ပညာရေးကို စောစောရပ်လိုက်ရခြင်း သို့မဟုတ် ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ရခြင်းဖြင့် ကလေးသူငယ်များ၏ ပညာရေးကို အနှောင့်အယှက်ပေးသော အလုပ်ကို လုပ်ရခြင်းတို့ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆို ထားသည်။

ကလေးလုပ်သားများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းများတွင် အဓိကအကျဆုံးသော အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးခြင်းပင်ဖြစ်သည်။ ဆင်းရဲသော မိသားစုများ၏ မိသားစုဝင်ငွေတွင် က‌လေးများရှာဖွေသည့်ဝင်ငွေက မိသားစုဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေကြသည်။ ဆင်းရဲနွမ်းပါးခြင်းနှင့်အတူ ပညာရေးအရည်အသွေး နိမ့်ကျခြင်း၊ ကျောင်းများ လုံလောက်စွာမရှိခြင်းတို့ကလည်း ကလေးများကို ကလေးအလုပ်သမားများအဖြစ်သို့ရောက်အောင် တွန်းပို့သည့် အကြောင်းအရာများဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ဆိုသည်။ အရည်အသွေးမမီ နိမ့်ကျသော ပညာရေးစနစ်ကြောင့် ပညာသင်ယူမှုပြီးဆုံးချိန်တွင် တတ်မြောက်သည့်ပညာဖြင့် ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်းတို့ နည်းပါးမှုအပေါ် မိဘတို့က ယုံကြည်မှုမရှိခြင်း၊ ကျောင်းများရှိသည့်တိုင် အလွန်ဝေးသည့်နေရာဒေသတွင် ရှိနေခြင်း စသည်တို့ကြောင့် ကလေးများ အလုပ်သမားဘဝသို့ ရောက်ရှိသွားကြရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်တွင် ကလေးအလုပ်သမားပြဿနာ ကြီးမားလျက်ရှိရာ မြန်မာနိုင်ငံလည်း ပါဝင်သည်။ အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ကလေး အလုပ်သမားပပျောက်ရေးအစီအစဉ်ချမှတ်၍ အကောင်အထည်ဖော်လျက်ရှိသည်။ ကလေးအလုပ်သမားပြဿနာတွင် အခြေခံအကြောင်းမှာ ဆင်းရဲနွမ်းပါးမှုပင်ဖြစ်ရာ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်းဖြင့် ကလေးအလုပ်သမားပြဿနာမှာ အလိုအလျောက် ပြီးပျောက်သွားမည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးခြင်းမှ ရုန်းထွက်ခြင်းသည် မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် ကြိုးပမ်းအားထုတ်ကြရန်ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် စီးပွားရေးလုပ်ငန်းစဉ်များ ‌အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့နှင့် ဆက်စပ်လျက်ရှိရာ ယခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော Let's out on our commitment: End Child Labour! ‘‘ကလေးအလုပ်သမား အဆုံးသတ်ရေး ကျွန်ုပ်တို့၏ ကတိကဝတ်အတိုင်း ဆောင်ရွက်ကြစို့’’ ဟူသည်နှင့်အညီ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။