နေပြည်တော် ဇွန် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာသို့ သွားရောက်ပြီး တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း ဝါစိုက်ပျိုးရန်သမဝါယမအသင်းများ ဖွဲ့စည်းမှု၊ ပြင်ဆင်မှု၊ မျိုးနှင့်သွင်းအားစုများ ဖြည့်ဆည်းပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ လိုအပ်သည့် မျိုး၊ စိုက်ပျိုးရေ၊ သွင်းအားစုများရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အထွက်တိုးမျိုး ပြောင်းလဲစိုက်ပျိုး ရေးနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်နည်းစနစ်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုရန် ညွှန်ကြားမှုများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အဆင့်မီဝါများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လိုအပ်သည့်နေရာများတွင် ဝါကြိတ်စက်၊ ဝါစေ့ဆီစက်များ ထူထောင်လိုပါက ရင်းနှီးမတည်ပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါသီးနှံသာမက စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများ စိုက်ပျိုးမည်ဆိုပါကလည်း လိုအပ်သည့်မျိုးနှင့် သွင်းအားစုများပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများထံ RAKA-666 ဝါမျိုး၊ ဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပြီးအသင်းသား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသင်းသား တောင်သူများ၏ ဝါစိုက်ပျိုးထားမှုနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားမှုကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၌ ဆီစက်ရုံတိုးချဲ့တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်