Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှု၊ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်နှင့် ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားစားနွား၊ အသားတိုးဝက် စသည့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူခြင်း၊ ခေတ်မီစက်ယန္တရားများ အသုံးပြုမွေးမြူခြင်း၊ သားဖောက်မွေးမြူခြင်းများဆောင်ရွက်လျက်ရှိပြီး အစာပြည့်စုံကောင်းမွန်မှုရှိစေရေးစီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများ၊ မွေးမြူရေးဇုန်များ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု အခြေအနေများ၊ ရော်ဘာစိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်များအတွင်း မြေအသုံးချမှုများကို အကျိုးရှိရှိအသုံးနိုင်ရန်လိုကြောင်း၊ ယနေ့တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည့်အတွက် သန်လျင်ဒေသသည် ယခင်ကထက် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်သွားရန်လိုသကဲ့သို့ အထွက်နှုန်းများတိုးမြင့်လာစေရေးအတွက်လည်း စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲ မွေးမြူရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက်မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အထွက်နှုန်းတိုးမြင့်လာစေမည့် မွေးမြူရေးနည်းလမ်းများကိုလည်း ဆက်လက်လေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း။

အမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်စေရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ မွေးမြူရေးဆောင်ရွက်ရာ၌ နည်းလမ်းစနစ်မှန်ကန်ရန်နှင့် အစာနှင့်ရေကို ပြည့်ပြည့်ဝဝ ကျွေးမွေးမည်ဆိုပါက အထွက်နှုန်းများလည်း တိုးတက်ကောင်းမွန်နေမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူလူထုတို့၏လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျင် ဈေးနှုန်းသက်သာမည်ဖြစ်သည့်အတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းစစ်ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပြီးပါက ထပ်မံတိုးချဲ့ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့လည်း အေးခဲ အသား၊ ငါးများ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံအများအပြားအနေဖြင့် အသား၊ ငါးနှင့် စိုက်ပျိုးရေးထွက်ကုန်သီးနှံ လိုအပ်ချက်မြင့်မားလျက်ရှိသည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရသဖြင့် ခိုင်မာသည့်ဈေးကွက်ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပြီး ပြည်ပသို့အရည်အသွေးပြည့်မီသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာ သမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုစိုက်ပျိုးသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အောင်မြင်နေသည့်နိုင်ငံများ၏ စိုက်ပျိုးရေးနည်းလမ်းများ၊ မွေးမြူရေးနည်းလမ်းများကိုလည်း အမြဲမပြတ်လေ့လာ၍ အတုယူဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါး အမျိုးအစားနမူနာပြသထားရှိမှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသားပေါက်မွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်းလှည့်လည်၍ ဘဲမွေးမြူရေး ဆောင်ရွက်ထားရှိမှုနှင့် ငါးမွေးမြူရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။