Skip to main content

နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ဆောင်မှုအခန်းကဏ္ဍ အရေးပါမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၇

“နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ဆောင်မှုအခန်းကဏ္ဍ အရေးပါမှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ရှိ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အကျိုးရှိစွာ ဆောင်ရွက်

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် မိမိတို့ပြည်ထောင်စုရာထူးဝန်အဖွဲ့အတွက်သာမက ဝန်ထမ်းအားလုံးအတွက် ထိရောက်အကျိုးရှိစေကြောင်း၊ ထုတ်ဖော်ဆွေးနွေးနိုင်ခဲ့သည့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဌာနအကြီးအကဲများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အတွေးသစ်၊ အမြင်သစ်များဖလှယ်၍ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်သွားကြရန်နှင့် အလုပ်ရုံဆွေးနွေးပွဲက ရရှိသည့် ရလဒ်ကောင်းများအပေါ်မူတည်ပြီး လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးခြင်းဖြင့် ဝန်ထမ်းထု တစ်ရပ်လုံးအတွက် ကောင်းမွန်စနစ်ကျသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်စေနိုင် မည်ဖြစ်ကြောင်း မှာကြားသည်။

ဂုဏ်ပြုလက်မှတ်ချီးမြှင့်

အလုပ်ရုံ ဆွေးနွေးပွဲကာလအတွင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝန်ထမ်းများ တက်ရောက်ပြီး သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အုပ်စုအလိုက်ခွဲ၍ ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ရလဒ်များသုံးသပ်ဖော်ထုတ်ခြင်း၊ အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း၊ အကောင်းဆုံးဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံး ပါဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံးအုပ်စုအလိုက် ဆွေးနွေးတင်ပြသည့်အုပ်စုကို ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ကြသည်။

ဆွေးနွေးတင်ပြ

“နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ဆောင်မှုအခန်းကဏ္ဍ အရေးပါမှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အထိ ကျင်းပ ခဲ့ပြီး ဆွေးနွေးပွဲပထမနေ့တွင် “ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ဝန်ထမ်းအင်အားစုဖွဲ့မှု ခိုင်မာအားကောင်းစေရန်ဆောင်ရွက်ခြင်း”၊ “အရည်အချင်းပြည့်မီ၍ စွမ်းဆောင်ရည်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း” ခေါင်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယနေ့တွင် “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း”၊ “ဒီဂျစ်တယ်စနစ်ကိုအခြေခံ၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း” ခေါင်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ သုံးရက်တာကာလအတွင်း ဦးဆောင် ဆွေးနွေးသူများက ခေါင်းစဉ်အလိုက် အချိန်ကိုက်ကွပ်ကဲ ဆောင်ရွက်နိုင်ခြင်း၊ တင်ပြဆွေးနွေးသူများကလည်း ပေးထားသည့်ခေါင်းစဉ်အလိုက် ရှုထောင့်အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်