နေပြည်တော် ဇွန် ၇
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်စည်ပင်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တိုက်တွန်းပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်မှန်းလူဦးရေ ၆ သန်း ၇ သိန်း ကျော်၊ ခန့်မှန်းအိမ်ထောင်စု ၁ သန်း ၅ သိန်းကျော်ရှိပြီး ကောက်ကွက်ပေါင်း ၁၃၀၀၀ ကျော်ကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၅၀၀၀ ကျော် ဖြင့် ကောက်ယူဆောင်ရွက်ရန်လျာထားကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားရှိပြီး စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့အရ သတ်မှတ်ရက်အတွင်း ကောက်ယူရန်ကျန်ရှိပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လည်း လိုအပ်ကြောင်း။
သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လာမည့်ဩဂုတ်မှစ၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန်နှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ပြီးမြောက်အောင်မြင်ရေးအတွက် အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ပြည်သူလူထုအသိပညာပေးပြသ
ဆက်လက်၍ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က လူဦးရေ၏ အခန်းကဏ္ဍနှင့် လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့၌ ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထုအသိပညာပေး TV Spot များကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝေဇင်ထွန်းက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကြည့်ရှုအားပေး
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုအားပေး၍ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်