Skip to main content

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှေးဟောင်းရေစီးလမ်းကြောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အလယ်ရေလမ်းကြောင်း (၁) ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူမည်ဖြစ်ပြီး မြကန်ဘက်မှကြည့်လျှင် ညာဘက်ရှိရေလမ်းကြောင်း (၂)ကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘယ်ဘက်ခြမ်းရှိ ရေလမ်းကြောင်း(၃)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိုးမကျမီမြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်လိုကြောင်း၊ ရေလမ်းကြောင်းများကို ဧရာဝတီမြစ်ဘက်မှစတင်၍ ဦးစားပေးရှင်းလင်းရန် လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရေလမ်းကြောင်းသုံးခုနှင့် ချိတ်ဆက်နေသည့်ကန်များကို ဦးစားပေးပြုပြင်မွမ်းမံရမည်ဖြစ်ကြောင်း၊ ချိတ်ဆက်မှုမရှိသော ရေကန်များအနက် ဒေသခံပြည်သူလူထုကို အကျိုးပြုသည့်ကန်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားလုပ်ဆောင် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့်အတွက် ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သာမန်ရေကန်ဆယ်ခြင်းနှင့် ရေစီးရေလာ ကောင်းအောင် သဘာဝအကွေ့အကောက်၊ ချောင်းရိုး၊ ရေစီးကြောင်းများအတိုင်း ချဲ့ထွင်ခြင်းများကိုသာ ဆောင်ရွက်ရသည့်အတွက်လည်း တတ်အားသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိမိတို့ဝန်ကြီးဌာနကို သတ်မှတ်ပေးထားသော ကန်တူးဖော်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ရေလမ်းကြောင်း ဆောင်ရွက်ခြင်းကိစ္စများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားသော Guideline နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မြကန်ကို ရေဝင်အားကောင်းစေရန်၊ ရေထိန်းသိမ်းမှုအပြည့်အဝရစေရန် အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ စက်ယန္တရားဖြင့် လုပ်ဆောင်ရာတွင် ရှေးဟောင်းဆိုင်ရာ ကန့်သတ်မှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဘက်မှ အသေးစိတ်အကြံပြုဆွေးနွေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းနေမှုနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်