မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မူလက ဝါဒစွဲ၊ ဂိုဏ်းဂဃစွဲ၊ လူမျိုးစွဲတို့ဖြင့် တိုင်းပြည်ပြိုကွဲပျက်စီးရေး အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်လာခဲ့ရာ တပ်မတော်က ထိရောက်စွာ ချေမှုန်းရှင်းလင်းခဲ့သောကြောင့် သောင်းကျန်းသူအဖျက်သမားများ ပြိုကွဲပျက်စီးခြင်းအဖြစ်သို့လည်းကောင်း၊ အဖွဲ့အကြွင်းအကျန်များ နယ်စွန်နယ်ဖျားဒေသများသို့ ထွက်ပြေးခိုအောင်းခြင်းအဖြစ်သို့လည်းကောင်း ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထား၊ နောက်ခံသမိုင်းကြောင်းတို့အရ မတူညီသော ရေမြေတောတောင်သဘာဝများနှင့် ရှေးဦးကာလကတည်းက တိုင်းရင်းသား လူမျိုးတစ်ရာကျော် စုပေါင်းနေထိုင်ခဲ့ကြသောနိုင်ငံဖြစ်သည်။ လူမျိုးအားဖြင့်လည်းကောင်း၊ ဒေသအားဖြင့်လည်းကောင်း မတူကွဲပြားသော်လည်း ပြည်ထောင်စုကြီးအတွင်း အတူယှဉ်တွဲနေထိုင်ကြသည့် တစ်မိသားစုတည်း ညီရင်းအစ်ကိုမောင်နှမများဖြစ်ကြသောကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ စာနာမှု၊ ရိုင်းပင်းကူညီမှုဖြင့် နေထိုင်ခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦး အခန့်မသင့်လျှင်လည်း နားလည်ခွင့်လွှတ်သည်းခံမှုတို့ဖြင့် နေထိုင်ခဲ့ကြသည်။
မျက်မှောက်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ဒေသအရေး၊ လူမျိုးအရေးကိုအကြောင်းပြ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လာကြသည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသားညီအစ်ကို အချင်းချင်းဖြစ်သည်ကို အလေးထား၍ ပဋိပက္ခများကို အတတ်နိုင်ဆုံးရှောင်ရှားခဲ့သည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့်ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်လျက်ရှိသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် NCA ကို မျက်ကွယ်ပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ဒေသအရေး၊ လူမျိုးရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲထားရာ၌ ၎င်းတို့ဒေသအရေး၊ လူမျိုးရေးထက် ၎င်းတို့အင်အားတောင့်တင်းပြီး စစ်ဘုရင်ဝါဒထူထောင်ရေးကို ရှေ့တန်းတင်လာကြသည်။ ဒေသခံပြည်သူများကို အကြောက်တရားကြီးမားလာအောင် အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ သယံဇာတပစ္စည်းများကို ခိုးထုတ်ရောင်းချခြင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ဖောက်ကားခြင်းစသည့် ဒုစရိုက်မှုအမျိုးမျိုးတို့ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
လက်ရှိတွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစိုက်မတ်မတ် နှောင့်ယှက်ဖျက်ဆီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ AA အကြမ်းဖက်သောင်းကျန်းသူများသည် လူမျိုးရေးအစွန်းရောက်လှုံ့ဆော်မှုများ၊ လူမျိုးကွဲများအား သတ်ဖြတ်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများ ပြုလုပ်နေကြသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်စပ်သည့် မူးယစ်ဆေးဝါးများ ကိုးကြိမ်ဖမ်းဆီးရမိခဲ့သည်။ ကာလတန်ဖိုးအားဖြင့် ၂၉၄ ဒသမ ၈၂ ဘီလီယံကျပ်ဖြစ်ရာ ၎င်းတို့၏ လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမားနေသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိပြီး ဘာသာ၊ လူမျိုးမခွဲခြားဘဲ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများ အားလုံးကို အချိန်တိုကာလအတွင်း မူလအခြေအနေသို့ရောက်ရှိအောင် အလျင်အမြန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအပြင် ဒေသနေအခြားလူမျိုးခြားများကိုလည်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
သို့သော် ရခိုင်လူမျိုးများဖြစ်သည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အရေးဟု ကြွေးကြော်ပြီး ၎င်းတို့ဒေသကို ၎င်းတို့ကိုယ်တိုင်ဖျက်ဆီးနေသည်ကို တွေ့ရသည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်းရောက်လုပ်ရပ်များ၊ ရခိုင်တစ်မျိုးသားလုံးကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ဖောက်ကားနေမှုများကို သိမြင်နေကြပြီ။ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေခြင်းသည် ဒေသခံပြည်သူလူထုအတွက်သာမက မြန်မာနိုင်ငံနှင့် နိုင်ငံသားအားလုံးအတွက်ပါ အကျိုးယုတ်ပျက်စီးစေသော လုပ်ရပ်များဖြစ်၍ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။