Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်ဟိုပုံးမြို့ မူလတန်းကြိုကျောင်း၊  ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစင်တာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများ သွားရောက်စစ်ဆေး

တောင်ကြီး ဇွန် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့သို့ရောက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အသိပညာပေးစင်တာနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စင်တာအတွင်းအပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် မီးဘေးလုံခြုံရေး အမြဲမပြတ်ဆောင်ရွက်ကြရန်၊ ဝင်းခြံအတွင်း အရိပ်ရအပင်နှင့် ရာသီအလိုက် အလှပင်၊ သီးပင်၊ စားပင်များစိုက်ပျိုးထားရှိရန်နှင့် ထောက်ပံ့မှုလုပ်ငန်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်မြန်ဆန်စွာဖြင့် ပြည်သူများသို့ ဝန်ဆောင်မှုပေးရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့ရှိ ကန်သာယာမူလတန်းကြိုကျောင်းသို့သွားရောက်ပြီး ကလေးငယ်များအား သင်ကြားပြုစု စောင့်ရှောက်နေမှုနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများကိုကြည့်ရှုကာ ကလေးငယ်များအား ပဲနို့နှင့်အာဟာရမုန့်များ ပေးဝေသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မူကြိုဆရာမများနှင့်တွေ့ဆုံရာပြီး နိုင်ငံတော်၏အနာဂတ်ဖြစ်သော ရင်သွေးငယ်များကို ဝန်ကြီးဌာနက သတ်မှတ်ပေးထားသော သင်ရိုးများ၊ သင်ကြားနည်းစနစ်များဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်ပေးကြရန်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ငယ်စဉ်ကပင်စွဲမြဲစေရေး မပြတ်လေ့ကျင့် သင်ကြားပေးကြရန်တို့ကိုမှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်