Skip to main content

ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော် ဇွန် ၂

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသော်လည်း ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန်ရည်ရွယ်၍ ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ် အမှန်တကယ်မဖြစ်သည့် ရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေ အရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

၎င်းတို့၏ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် ဖော်ပြပါတရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေး နိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ပွဲစားများ အပါအဝင် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၂၁ ဦးကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၀ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများကိုသိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

သတင်းစဉ်