Skip to main content

ကလေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မေလ ၂၉ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် တင်သားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် အများပြည်သူ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်အခြေခံကာ လုပ်ကြံရေးသားထားသည် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်မှာလည်း ၎င်းကျေးရွာ အနီးနယ်မြေလုံခြုံရေးဆောင်ရွက်ရန်ရောက်ရှိနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။