Skip to main content

နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်

နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတို့အတွက် လျှပ်စစ်ဓာတ်အားသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရင်းအမြစ်များစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသော်လည်း ယခုထိမဖြည့်ဆည်းနိုင်သေး။ နိုင်ငံ၏အဓိကစီးပွားရေး မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် နှေးကွေးလေးလံလျက်ရှိနေပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝများကလည်း ဓာတ်အားတောင်းဆိုမှု ပိုမိုမြင့်မားလာနေသည်။

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်ပေါများကြွယ်ဝသော်လည်း လက်ရှိထုတ်ယူနိုင်မှုမှာ လွန်စွာနည်းပါးသည့်ပမာဏတွင်ရှိနေသည်။ နိုင်ငံအတွင်း လူတစ်ဦးချင်း ပျမ်းမျှလျှပ်စစ်ဓာတ်အား စက်တပ်ဆင်မှုပမာဏတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးသို့ရောက်ရှိနေသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ရေအားလျှပ်စစ်ကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဖော်ထုတ်သုံးစွဲနေကြသည့်တိုင် မိမိတို့နိုင်ငံတွင် တည်ဆောက်ရန် စီမံဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများမှာ အနှောင့်အယှက်၊ အဟန့်အတားများကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်ခဲ့ရသည်။

ရေအားလျှပ်စစ်စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး တည်ဆောက်ရေးကာလမှာ ရှည်ကြာသည်။ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ရုပ်ကြွင်းလောင်စာများကဲ့သို့ ကုန်ခန်းနိုင်ခြင်းလည်းမရှိသလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့ စွန့်ပစ်အခိုးအငွေ့များ ထုတ်လွှတ်မှုမရှိခြင်းကြောင့် သန့်ရှင်းသော စွမ်းအင်လည်းဖြစ်သည်။ လူသားတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးမှုမရှိရေး ထိန်းညှိဆောင်ရွက်သွားရမည်ဖြစ်သော်လည်း တစ်ဖက်စွန်းမရောက်ရန် လိုသည်။ နိုင်ငံနှင့်ပြည်သူတို့၏ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်ရာတွင် အနှောင့်အယှက်ပြုလိုသော ပြည်တွင်းပြည်ပ အမှောင့်ပယောဂတို့ကို မြင်အောင်ကြည့်၍ သတိနှင့်ရှောင်နိုင်ရန်လည်း လိုသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ စက်ရုံများသည် တစ်ရုံလျှင် ဓာတ်အား ၃၀ မဂ္ဂါဝပ်နှင့် စုစုပေါင်းတပ်ဆင်အင်အား ၆၀ မဂ္ဂါဝပ်ဖြစ်၍ တစ်နှစ်လျှင် စုစုပေါင်းလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၈ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ယင်းပမာဏသည် အိမ်ထောင်စုပေါင်း ၉၉၀၀၀ ခန့်ကို ‌ဓာတ်အားထပ်တိုးဖြန့်ဖြူးပေးနိုင်မည့် ပမာဏလည်းဖြစ်သည်။ မိမိတို့နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်များပြားမှုတို့ ဖြစ်ပေါ်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာလည်း ဆက်လက်မြင့်တက်နေမည်ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ မိမိတို့နိုင်ငံနှင့်ကိုက်ညီမည့်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။

တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိရာတွင် ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့် လေစွမ်းအင်လျှပ်စစ် ၁၁ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၂၀၀၀) ထုတ်လုပ်နိုင်ရန် လျာထားအကောင်အထည်ဖော်လျက်ရှိပြီး အနှောင့်အယှက်၊ အဖျက်အဆီးကင်းကင်းနှင့် ပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်မှု အားကောင်းသည်နှင့်အမျှ နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ထိန်ထိန်ညီးမည်ဟု အသိပေးနှိုးဆော် လိုက်ရပါကြောင်း။ ။