နေပြည်တော် မေ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များ နာကြားကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ဆန် ၃၁၇ အိတ်၊ ဆီ ၉၅ ပိဿာ၊ ပဲ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။