ယနေ့သည် ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ဘုရားအလောင်းတော်ကို ဖွားမြင်ခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းဟူသော အကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်တို့အဖို့ ကဆုန်လသည် လတကာတို့ထက် အလေးအနက်၊ အမွန်အမြတ်ပြုရာ လဖြစ်သည်။
ဘုရားအလောင်း သိဒ္ဓိတ္ထမင်းသားသည် သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ ရောက်သောအခါ အားရရွှင်လန်းစွာဖြင့် ‘‘အဖန်ဖန် ဇာတိ ဖြစ်ရခြင်းသည် ဆင်းရဲလှ၏။ ထို့ကြောင့် ငါသည် ခန္ဓာအိမ် ဆောက်လုပ်သူကို ရှာဖွေခဲ့သည်။ မတွေ့သဖြင့် ဘဝများစွာ သံသရာမှာ ကျင်လည်နေခဲ့ရသည်။ ဟယ် - တဏှာလက်သမား၊ ယခုအခါ သင့်အားငါတွေ့ပြီ။ သင်သည် ခန္ဓာအိမ်ကို နောက်ထပ် ဆောက်လုပ်ရတော့မည်မဟုတ်။ သင်၏ ကိလေသာဟူသော အခြင်ရနယ်အားလုံးကို ချိုးဖျက်အပ်ပြီ။ အဝိဇ္ဇာဟူသော အမိုးကိုဖျက်ဆီးအပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာဆီသို့ရောက်ပြီ။ တဏှာကုန်ရာဆီသို့ ရောက်ပြီ’’ ဟူသော ဥဒါန်းကို ကျူးရင့်ခဲ့ချိန်မှစကာ ဗုဒ္ဓဘာသာသည် လူသားတို့၏ကမ္ဘာတွင် ပေါ်ထွန်းလာခဲ့သည်။
ဗုဒ္ဓဝါဒသည် ‘‘ဘဝ’’ ကို မတည်မြဲခြင်း၊ အစိုးမရခြင်း၊ မိမိထင်သကဲ့သို့ မဟုတ်ခြင်းဟူသည့် အကြောင်းများကြောင့် ဒုက္ခဟုရှုမြင်၍ အကြိမ်ကြိမ်အဖန်ဖန် ဘဝဖြစ်ပေါ်ခြင်းမှ လွတ်ကင်းရာနိဗ္ဗာန်ကို အမြင့်ဆုံးပန်းတိုင်အဖြစ် ရည်မှန်းသည်။ သို့ရာတွင် မျက်မှောက်ဘဝ၏ ချမ်းသာပျော်ရွှင်မှု၊ လူမှုဆက်ဆံရေး၊ သက်သာချောင်ချိရေး၊ ပစ္စည်းဥစ္စာရှာဖွေရေး စသည်တို့တွင်လည်း လျစ်လျူရှုခြင်းမပြု။ အမြင့်မြတ်ဆုံး သော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် အထောက်အပံ့ အကူအညီအဖြစ် လိုအပ်သည်ကို အသိအမှတ်ပြုထားသည်။ မျက်မှောက်ဘဝ၏ ချမ်းသာပျော်ရွှင်မှုကိုရရှိရန် ဓမ္မကိုလက်ကိုင်ထားကာ သီလမြဲမြံစွာဖြင့် စင်ကြယ်စွာ ရှင်သန် နေထိုင်ကြရန်လိုသည်ဟု ဗုဒ္ဓဘာသာဝင်တိုင်းက နားလည်ကြသည်။
ဗုဒ္ဓ၏လမ်းစဉ်သည် အကြမ်းဖက်မှုကင်းသော ငြိမ်းချမ်း ရေး လမ်းစဉ်၊ မေတ္တာ၊ ကရုဏာထားသော၊ သည်းခံမှု၊ နားလည်မှုရှိသော၊ အမှန်တရားစွဲကိုင်၍ ဉာဏ်ပညာနှင့် ပြည့်စုံသော၊ သက်ရှိသတ္တဝါအားလုံးအပေါ် ညှာတာထောက်ထားသော၊ တစ်ကိုယ်ကောင်းစိတ်ထားနှင့် မုန်းတီးအမျက်ပွားခြင်း၊ အကြမ်းဖက်ခြင်းတို့မှ လုံးဝကင်းရှင်းသော လမ်းစဉ်ဖြစ်သည်။ “ရန်ကို ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမျှ မငြိမ်းကုန်၊ ရန်တုံ့ မမူဘဲ ကြင်နာစိတ်ထားခြင်းဖြင့် ငြိမ်းကုန်၏။’’ “ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းကို ဆောင်ယူနိုင်သော တစ်ခုတည်းသော အောင်နိုင်မှုသည် မိမိကိုယ်မိမိ အောင်နိုင်မှုသာလျှင်ဖြစ်သည်။” ဟု ဗုဒ္ဓမြတ်စွာဘုရားက မိန့်မြွက်တော်မူသည်။
ယနေ့ကမ္ဘာတွင် ဖြစ်ပျက်နေသည့် စစ်မက်ဖက်ပြိုင် တိုက်ခိုက်နေမှုများ၊ သတ်ဖြတ်ဖျက်ဆီးမှုများ၊ လုယက် သိမ်းပိုက်ယူငင်မှုများ စသည့်အားလုံးတို့မှာ လူသားတို့၏ သန္တာန်တွင် ဖြစ်ပေါ်သော ကိလေသာတရားတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကိလေသာကင်းစင်သော အလောဘ၊ အဒေါသ၊ အမောဟတို့က အကြမ်းဖက်နှင့် အဖျက်လုပ်ရပ်တို့ကိုမလုပ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့သည် လောကကို မပျက်စီးအောင်၊ ငြိမ်းအေးချမ်းသာအောင် စောင့်ရှောက်သည့် တရားများဖြစ်သည့်အလျောက် လူတိုင်းလူတိုင်း၊ လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးတွင် ကိန်းအောင်းလာစေရန် လေ့ကျင့်မွေးမြူခြင်းဖြင့် လူသားကမ္ဘာ၊ လူ့ဘောင်လောကကြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း။ ။