ရန်ကုန် မေ ၁၉
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ ပုဂံယဉ်ကျေးမှုဒေသ၌ ၂၀၂၄ ခုနှစ်တွင် ပုဂံ ယဉ်ကျေးမှုဒေသနှင့်လိုက်ဖက်ညီသည့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ၏ ဆွဲဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်ထက် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှုနယ်မြေသို့ ဧပြီလတွင် ဟိုတယ်နှင့်တည်းခိုခန်းများ၌ တည်းခိုခဲ့သည့် ပြည်တွင်း ခရီးသွား ၅၄၈၅၃ ဦး၊ ပြည်ပခရီးသွား ၉၉၃ ဦးဖြင့် ထိုလတွင် ခရီးသွား ၅၅၈၄၆ ဦး ဝင်ရောက်တည်းခိုခဲ့ပြီး နေ့ချင်းပြန်ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း ဝင်ရောက်ခဲ့သည်။ အဆိုပါဧပြီလတွင် ရွှေစည်းခုံစေတီတော်သို့ ပြည်တွင်းခရီးသွား ၃၅၂၇၁၂ ဦး၊ ဗူးဘုရားသို့ ၁၉၈၉၀၀၊ လောကနန္ဒာဘုရားသို့ ၃၉၄၈၃ ဦးနှင့် ပုပ္ပားတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၃၂၀၃၁ ဦး ဝင်ရောက်ခဲ့သည်။ ခရီးသွားအများဆုံးဝင်ရောက်ရာ ရွှေစည်းခုံစေတီတော်သို့ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၄၇ သန်းဝင်ရောက်ခဲ့၍ ပုဂံယဉ်ကျေးမှုဒေသသည် မြန်မာနိုင်ငံတွင် ခရီးသွားအများဆုံးဝင်ရောက်ရာ ဒေသတစ်ခုအဖြစ် ယနေ့တိုင်ရပ်တည်လျက်ရှိရာ ယခုနှစ်ခရီးသွားရာသီတွင် ပုဂံဒေသသို့ ထိုင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန်ခရီးသွားများ အများဆုံး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ ပုဂံဒေသမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ပိုမိုဝင်ရောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ခရီးစဉ်ဒေသတွေကိုလည်း ဖော်ဆောင်ထားတာရှိပါတယ်။ ပုဂံဝန်းကျင်မှာရှိတဲ့ ကျောက်မျက်မှော်ဘုရားနဲ့ ကျောက်ရေကန်ဆိုရင်လည်း ခရီးသွားမပြတ် လည်ပတ်နေပါတယ်။ နှစ်ပေါင်း ၉၀၀ ကျော်က ပန်းချီလက်ရာတွေရှိတဲ့ ဇီးဖိုလှကျေးရွာ၊ သျှောင်ပေစူးဆံရစ်ထုံးဖွဲ့မှုရှိတဲ့ စက်စက်ယိုကျေးရွာနဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်း ပြင်ဆင်ထားတဲ့ သဲပြင်တောကျေးရွာကို ပြည်တွင်း၊ ပြည်ပခရီးသွားမပြတ် လည်ပတ်နေပါတယ်။ နိုင်ငံခြားခရီးသွားတွေ သဲပြင်တောကျေးရွာကိုသဘောကျတာက ရွှေနတ်တောင်စေတီကနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်လို့ပါ။ ပြီးတော့ နှစ်ပေါင်း ၂၀၀ ခန့်ရှိပြီဖြစ်တဲ့ ရှေးဟောင်းရုပ်စုံကျောင်းနဲ့ အဲဒီကျောင်းကြီးပေါ်မှာရှိတဲ့ ရှေးဟောင်းပစ္စည်းမျိုးစုံကိုလည်း စိတ်ဝင်တစား ကြည့်ရှုလေ့လာလေ့ရှိပါတယ်။ ဒါကြောင့် မနှစ်ကထက် ဒီနှစ်မှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ခရီးသွားပိုပြီးဝင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ၂၀၂၃ ခုနှစ် ထက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခရီးသွားမပြတ်ဝင်ရောက်ခဲ့ပြီး သင်္ကြန်ကာလဧပြီလ၌ အများဆုံး ဝင်ရောက်ခဲ့ကာ မေလအပူချိန်ပြင်းထန်ချိန်တွင် တစ်ရက်လျှင်ခရီးသွား ၇၀၀ မှ ၈၀၀ ခန့်နှင့် ရုံးပိတ်ရက်တို့တွင် ၁၀၀၀ ခန့်အထိ ခရီးသွားပြတ်လပ်မှုမရှိဘဲ ဝင်ရောက်ခဲ့ပြီး မိုးရာသီတွင် ခရီးသွားပြန်လည် စည်ကားမှုဖြင့် နှစ်ကုန်ပိုင်းအထိ ခရီးသွားမပြတ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ပုဂံရုံးခွဲ