နေပြည်တော် မေ ၁၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့အပါအဝင် မြို့နယ်အသီးသီးနှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အပါအဝင် မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း စာသင်ကျောင်းများအတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ထိုသို့ စာသင်ဆောင်များ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဒေသခံပြည်သူများနှင့်အတူ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်