Skip to main content

ပုသိမ်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သော နွေရာသီ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ ပြုလုပ်

နေပြည်တော် မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဆရာ ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာ့သိုင်းသင်တန်းသားများ၏ မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းများကို သင်တန်းသား ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၀ ဖြင့် ဧပြီ ၂၂ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါစာသင်ကျောင်း၌ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွက် စာသင်ဆောင်များ၊ သင်ထောက်ကူပစ္စည်းများနှင့် စာရေးကိရိယာများ အသင့်ရှိနေစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်