Skip to main content

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင် အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၇

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးကို မေ ၁၅ ရက်မှ ၁၆ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

မျက်နှာချင်းဆိုင် အစည်းအဝေး၌အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group–APJG) တွဲဖက်သဘာပတိများ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)၊ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ APJG မှ အကဲဖြတ်သူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။

မျက်နှာချင်းဆိုင် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက် ရန် ကျန်ရှိနေသည့်အစီအမံများ အပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ချက်များကို အကဲဖြတ်သူများအားလုံးက ခြုံငုံချိတ်ဆက်သိရှိစေရန်အတွက် လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြဆွေးနွေးသည်။

APJG မှ အကဲဖြတ်သူများက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလိုသည့်အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာကိုယ်စားလှယ်များက ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းဖြေကြားသည်။

ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင် ခြေများအား နားလည်ဖော်ထုတ်ခြင်းများ၊ တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့် ဟွန်ဒီများ လျော့နည်းပပျောက်စေရေးအတွက် တရားဝင်လုပ်ငန်းလိုင်စင်များ ရယူလုပ်ကိုင်စေရန် တွန်းအားပေး ဆောင်ရွက်ချက်များနှင့် လိုင်စင်မရှိဘဲလုပ်ကိုင် ဆောင်ရွက်နေသူများကို တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် သက်ဆိုင်ရာနိုင်ငံများရှိ ဗဟိုဘဏ်များဖြင့်ပူးပေါင်း၍ ဖော်ထုတ်အရေးယူဆောင်ရွက်ချက်များ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးခဝါချမှုများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို နိုင်ငံတကာနှင့် ပူးပေါင်း၍ရယူဆောင်ရွက်ချက်များ၊ သတင်းပို့အဖွဲ့အစည်းများက ပေးပို့လာသည့် သံသယဖြစ်ဖွယ် သတင်းပို့ချက်များအားစိစစ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်ချက်များ၊ ဖမ်းဆီးရမိသည့်ပစ္စည်းများ စီမံခန့်ခွဲသည့် နည်းလမ်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့ မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ် ထားအရေးယူမှုဆိုင်ရာ ထိရောက်စွာ အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အသိပညာပေးသည့်လုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်နေသည့်အခြေအနေများ၊ အရေးယူဆောင်ရွက်ချက်များ၊ ထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် ဥပဒေကြောင်းအရ ခိုင်မာသည့် ဥပဒေ၊ ညွှန်ကြားချက်များဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်