Skip to main content

ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာတို့ကို မေလ ၁၆ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည့်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကြောင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာခြင်းနှင့် အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လာပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိပါသည်။ ယခုဖြစ် စဉ်တွင်လည်း ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်သေနတ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် အကြမ်းဖက်သမားများမှ ထိခိုက်သေဆုံးမှုများစွာဖြင့် ကျေးရွာအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရသည်။ တရားမဝင် ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြထားသကဲ့သို့ နေအိမ်များ မီးရှို့ဖျက်စီးခြင်းနှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့သည်မှာ လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။