လွိုင်ကော် မေ ၁၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးမူဝါဒများနှင့်အညီ ပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရန် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းများလုံခြုံမှုရှိစေရေး၊ ကျောင်းများ ဥပဓိရုပ်ခံ့ထည်မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂများ၊ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေး အချိန်မီဖြည့်တင်းဆောင်ရွက်ထားရန် မှာကြားလိုကြောင်း၊ ကျောင်းသားဆရာအချိုးမျှတမှုရှိစေရေးအတွက် သင်ကြားရေး ဆရာ ဆရာမများ လုံလောက်မှုရှိစေရေး ပြင်ဆင်စုဖွဲ့ထားရန်လိုအပ်ပြီး ကျောင်းအပ်လက်ခံခြင်း ကိစ္စရပ်များအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေးတာဝန်ယူသောအဖွဲ့အားလုံးက တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)