နေပြည်တော် မေ ၁၆
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များ၊ ပူးတွဲစီမံချက်များနှင့် ပူးတွဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆွေးနွေးရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစီစဉ်ရန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးတွဲသုတေသနစီမံကိန်းများချမှတ်နိုင်ရေး ဆွေးနွေးရန်ရည်ရွယ်၍ မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို မေ ၁၆ ရက်မှ ၁၇ ရက်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ်(၂၁)နေပြည်တော်၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် အိန္ဒိယသမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Dr. Praveen Kumar Somasundaram တို့က ပူးတွဲသဘာပတိအဖြစ် ကြီးမှူး၍ မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယသိပ္ပံနှင့်နည်းပညာဦးစီး ဌာနမှကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး ကိုယ်စားလှယ်နှင့် နေပြည်တော်ရှိ အိန္ဒိယဆက်ဆံရေးရုံး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြန်ပြည့်မြဲစွမ်းအင်သုတေသန၊ လျှပ်စစ်သုံးယာဉ်ဘက်ထရီဆိုင်ရာ သတ္တုနှင့် ဒြပ်ပစ္စည်းများသုတေသနများ၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ Geospatial Technology ၊ မောင်းသူမဲ့လေကြောင်းစနစ်၊ ဇီဝနည်းပညာအပါအဝင် အစားအသောက်ဆေးဝါးနှင့် စိုက်ပျိုးရေး၊ နာနိုနည်းပညာ၊ Blockchain ၊ စက်ရုပ်နှင့် AI Virtual Reality နှင့် Augmented Reality (3D ပုံရိပ် ဖော်နည်းပညာများ) ဆိုင်ရာသုတေသနလုပ်ငန်းများ၊ အစိမ်းရောင်နည်းပညာများ၊ Smart University နည်းပညာများအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပူးတွဲစီမံချက်များ၊ ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများနှင့်သင်တန်းများ စီစဉ်နိုင်ရေး၊ သိပ္ပံနှင့်နည်း ပညာမဟာဗျူဟာစီမံကိန်းအတွက် လေ့လာဆန်းစစ်ခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အစီအမံများ ညှိနှိုင်းရေးဆွဲချမှတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်