နေပြည်တော် မေ ၁၆
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုကို ညှိုးနွမ်းစေရန် ဘုရား၊ စေတီ၊ ပုထိုးများအား Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ သံဃာတော်များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။
ယခုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ ကုန်းသာဦးဘုန်းတော်ကြီးကျောင်းမှ ဘဒ္ဒန္တခေမာစာရ၊ သက်တော်(၅၀)နှစ်၊ ဝါတော်(၂)ဝါသည် မေလ ၉ ရက် နံနက် ၇ နာရီခန့်တွင် မြို့အတွင်းသို့ ဆွမ်းခံကြွရောက်စဉ် ချမ်းသာကြီးဘုရားအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၅ ဦးက မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဆွမ်းခံကြွနေသည့် ဆရာတော်အား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီပဲယင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်နေသည့် သံဃာတော်များအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။