Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ သွားရောက်ကြည့်ရှုအားပေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအခမ်းအနားတက်ရောက်

ရန်ကုန် မေ ၉

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် တောင်ဥက္ကလာပဒေသာအားကစားကွင်းသို့ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားရာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်လက်ရွေးစင်များ ထွက်ပေါ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၌ ဖွင့်လှစ်လျက် ရှိသော အာကီဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘောလုံး၊ အလေးမ၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဂျူဒို၊ အေရိုးဗစ် စသည့်အဆင့်မြင့်နွေရာသီအားကစား သင်တန်းများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကာ အားကစားကွင်း/ အားကစားရုံ သန့်ရှင်းသာယာလှပရေးနှင့်စပ်လျဉ်း၍ မှာကြားသည်။

အမှာစကားပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းသို့ တက်ရောက်နေသည့် အားကစားနည်းအလိုက် သင်တန်းသား သင်တန်းသူများအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀၄၀၀၀၀ ကို ပံ့ပိုးပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမသို့ရောက်ရှိပြီး အားကစားနှင့် ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများ တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားကာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)စားရိပ်သာတွင် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပညာရေးတက္ကသိုလ်၌ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထိုနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး စာရေးဆရာ ဦးကျော်ကျော်လှိုင်က လူငယ်ဘဝ တိုးတက်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ဟောပြောသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်များသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက တက္ကသိုလ်တစ်ခုလျှင် ငွေကျပ် ၂၅၁၀၀၀၀ နှုန်းဖြင့် တက္ကသိုလ်ခြောက်ခုအတွက် ငွေကျပ် ၁၅၀၆၀၀၀၀ တန်ဖိုးရှိ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များက လက်ခံရယူကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က စာရေးဆရာ ဦးကျော်ကျော်လှိုင်ကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ခင်းကျင်းပြသထား သောပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အဖြေမှန်သည့် ကျောင်းသား ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်