ရန်ကုန် မေ ၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့နံနက်ပိုင်းက ရုံးချုပ်မှတာဝန်ရှိသူများ၊ အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ၊ အင်ဂျင်နီယာတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြို့နယ် လေးမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံးများသို့သွားရောက်၍ ရေပေးဝေမှု၊ ဓာတ်အားဖြန့်ဖြူးပေးမှု အခြေအနေများနှင့် ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မှာကြား
ဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ဝန်အားပြည့်နေသည့် ထရန်စဖော်မာများနေရာတွင် ဝန်အားမျှနိုင်ရန်အတွက် ထရန်စဖော်မာအသစ်များ ထပ်မံတိုးချဲ့တည်ဆောက်ရန် မြေနေရာလျာထားမှု၊ ၃၃ ကေဗွီ ချမ်းသာ ရွှေပြည်ဓာတ်အားခွဲရုံတွင် ၃၃/၁၁ ကေဗွီထရန်စဖော်မာ တစ်လုံး တိုးချဲ့တည်ဆောက်ရန်နှင့် ရပ်ကွက်များအတွင်း ဓာတ်အားလိုအပ်ချက်အပေါ်မူတည်၍ ထရန်စဖော်မာအသစ်များ ထပ်မံတိုးချဲ့တည်ဆောက်ရန် မှာကြားသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ အမှတ်(၁)ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများ၊ ယုဇနဥယျာဉ် မြို့တော်အိမ်ရာ ရေပေးဝေမှုအခြေအနေများ၊ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၃)တွင် ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများနှင့် ဝန်အားပိုမိုနေပြီး ဆက်လက်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ထရန်စဖော်မာနေရာများကို ကြည့်ရှုပြီး ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ လောင်ကျွမ်းမှုမရှိစေရေး၊ ထရန်စဖော်မာများ ထပ်မံတိုးချဲ့ တည်ဆောက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ AMI မီတာများ ရာနှုန်းပြည့်ဖတ်ရှုနိုင်ရန် ဆောင်ရွက်ရေး၊ စက်မှုဇုန်များ သတ်မှတ်ထားသည့်အချိန် ဓာတ်အားအပြည့်အဝရရှိရေး၊ အုပ်စုအလှည့်ကျ ဓာတ်အားပေးမှုများ မှန်ကန်စေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က အမြဲမပြတ် စိစစ်ကြပ်မတ်ရန် မှာကြားသည်။
ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၆၆ ကေဗွီ ကုန်ပဒေသာ ဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေ၊ ဖီဒါများအလိုက် ဝန်အားနိုင်နင်းမှု ရှိ၊ မရှိ အခြေအနေ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ခွဲရုံအတွင်းအပြင် သန့်ရှင်းသာယာလှပ ရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်မြို့ရှိ မြို့နယ်များတွင် လျှပ်စစ်မီးပေးဝေသော သတ်မှတ်အချိန်အတွင်း လျှပ်စစ်မီးအပြည့် အဝမရရှိခြင်း၊ ဂျိုးဖြူရေကိုအားပြုသုံးစွဲနေရသည့် အိမ်ရာများ၌ ရေပြတ်တောက်မှုများလာခြင်းတို့ကို ဧပြီလနှင့်မေလတို့တွင် ကြုံတွေ့ရလျက်ရှိရာဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်းကြောင့် ယခင်သိုလှောင် စုဆောင်းထားရှိသည့် ရေများအား ချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုအပေါ် တပ်ဆင်ထားသော စက်များ၏စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့် ယခုကာလတွင် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း သိရသည်။
သတင်း - သစ္စာ(mna)
ဓာတ်ပုံ - YESC