Skip to main content

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနား ကျင်းပမည်

နေပြည်တော် ဧပြီ ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ် ကဆုန်လဆန်း ၆ ရက် မေ ၁၃ ရက်(တနင်္လာနေ့) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋက ဓရတိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက‌ကောဝိဒဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋက ကောဝိဒ တစ်ပါး၊ မူလအာဘိဓမ္မိက ငါးပါး၊ ဒီဃနိကာယကောဝိဒ သုံးပါး၊ ဒီဃဘာဏက ကိုးပါး၊ ဝိနယကောဝိဒ ငါးပါး၊ ဝိနယဓရ ၃၁ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ခုနစ်ပါး၊ ဥဘတောဝိဘင်္ဂဓရ ၅၁ ပါး၊ စာအောင်သံဃာ ၁၁၂ ပါး စုစုပေါင်းသံဃာတော် ၁၄၅ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်ပါသဖြင့် အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူးစာမေးပွဲဌာနခွဲ သာသနာရေးဦးစီးဌာန ဖုန်း-၀၉-၄၃၀၆၇၁၆၈၊ ၀၉-၄၄၃၁၉၀၁၉၃ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်