Skip to main content

နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလား​​ဒေ့ရှ်၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ စစ်သံရုံးများမှစစ်သံမှူးများ၊ သံတမန်များနှင့် ၎င်းတို့၏မိသားစုဝင်များက ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့၌ နေပြည်တော်မြို့တော်ဝန် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဦးစွာ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ နေပြည်တော်သို့ရောက်ရှိကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲရန် နေပြည်တော်မြို့တော်ဝန် ရေကစားမဏ္ဍပ်သို့ရောက်ရှိကြရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးနှင့်ဇနီးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

သပြေခက်ဖြင့် အတာရေပက်ဖျန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ တာဝန်ရှိသူများက ဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော်များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး သပြေခက်ဖြင့်အတာရေပက်ဖျန်း ပေးကြသည်။

ပျော်ရွှင်စွာကခုန်ဆင်နွှဲ

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက “သင်္ကြန်မိုး တေးသီချင်းဖြင့်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ Tavrida. art အနုပညာအဖွဲ့မှ အနုပညာရှင်များအဖွဲ့က တေးသီချင်းများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြရာ တက်ရောက်လာကြသူများက မြူးကြွသည့်တေးသီချင်းသံစဉ် စည်းချက်များနှင့်အတူ ပျော်ရွှင်စွာကခုန်ဆင်နွှဲကြသည်။

စုပေါင်းပါဝင်ဆင်နွှဲ

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများနှင့်တာဝန်ရှိသူများက ပျဉ်းမနားတောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိကျင်းပသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ရောက်ရှိကြရာ ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ်များမှ တာဝန်ရှိသူများကကြိုဆိုကြပြီး လာရောက်လည်ပတ်ကြသည့် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာစုပေါင်းပါဝင်ဆင်နွှဲကြသည်။

ကြည့်ရှုအားပေး

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဉာဏသိဒ္ဓိမိသားစုရေကစားမဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက် သင်္ကြန်ဗဟိုမဏ္ဍပ်တို့သို့သွားရောက်ပြီး ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ပျော်ရွှင်စွာစုပေါင်းကခုန်ဆင်နွှဲကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်သို့သွားရောက်၍ နေပြည်တော်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ အတူတကွပါဝင်ဆင်နွှဲကြပြီး ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။

နေပြည်တော်တွင်ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E.Mr. J. M. Janaka Priyantha Bandara က “မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခွင့်ရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အခုလိုပါဝင် ဆင်နွှဲခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ မြန်မာ့နှစ်သစ်ကူး အခါသမယကစပြီး မြန်မာအစိုးရနဲ့ပြည်သူအပေါင်း ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ဟု ပြောကြားသည်။

နေပြည်တော် မြို့တော်ဝန်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် သီဆိုဖျော်ဖြေခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tavrida. art အနုပညာအဖွဲ့မှ အမျိုးသမီးတေးသံရှင် လုဘာက “ကျွန်မက မြန်မာ့ရိုးရာအတာသင်္ကြန်ကို ဒုတိယအကြိမ် ပါဝင်ဆင်နွှဲခြင်းဖြစ်ပြီး အခုလိုပါဝင်ခွင့်ရတဲ့အတွက် ကြည်နူးပျော်ရွှင်ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ပျော်ခဲ့ရပါတယ်။ အခုက နောက်ထပ်နှစ်တစ်နှစ် ကူးပြောင်းသွားပြီဖြစ်တဲ့အတွက် ခံစားမှုအသစ်တွေ၊ အတွေ့အကြုံသစ်တွေလည်း ရရှိပါတယ်။ မြန်မာပြည်သူတွေ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေတာမြင်ရတာ ကျေနပ်စရာကောင်းပါတယ်။ ရုရှားနိုင်ငံနဲ့ မတူတဲ့နှစ်သစ်ကူး အတွေ့အကြုံသစ်တွေ ရရှိပါတယ် ဟုပြောသည်။

သတင်းစဉ်