Skip to main content

ထိုင်းသို့ စေလွှတ်နေသည့် MoU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ စတင်ကာ လေကြောင်းခရီးဖြင့် ကနဦးစေလွှတ်ရန် စီစဉ်ထားဟုဆို

ရန်ကုန် ဧပြီ ၁၁

ထိုင်းသို့ စေလွှတ်နေသည့် MoU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ စတင်ကာလေကြောင်းခရီးဖြင့် ကနဦးစေလွှတ်ရန် စီစဉ်ထားကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ စတင်စေလွှတ်ပြီး နောက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စေလွှတ်မှုပိုမိုများလာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။

“လောလောဆယ်တော့ ၁၅၀ လောက်ပဲ (စာရင်း)ဆွဲထားသေးတယ်။ လေယာဉ်တစ်စင်းပေါ့နော်။ နောက်ပိုင်းမှာတော့ များလာနိုင်ပါတယ်။ နေ့စဉ်စေလွှတ်ရဖို့များပါတယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းလိုင်းနဲ့လည်း ညှိနှိုင်းနေတာ နှစ်နဲ့ချီကြာနေပြီ။ ဧပြီ ၂၉ ရက်နေ့ကစပြီးဆွဲမယ်။ အခုမှအောင်မြင်သွားတာပါ”ဟု ၎င်းက ပြောသည်။

ကုန်ကျစရိတ်အနေဖြင့် ကုန်းလမ်းနဲ့နှိုင်းယှဉ်လျှင် လေကြောင်းလမ်းဖြင့်သွားရောက် မည်ဆိုပါက ခရီးစရိတ်အနည်းငယ် ပိုမိုကုန်ကျနိုင်ကြောင်းလည်း သိရသည်။

“ကုန်ကျစရိတ်အနေနဲ့ ကုန်းလမ်းနဲ့နှိုင်းယှဉ်ရင် လေကြောင်းလမ်းနဲ့ သွားရောက်မယ်ဆိုရင် ခရီးစရိတ်အနည်းငယ် ပိုမိုကုန်ကျနိုင်ပါတယ်။ ပုံမှန်ပဲလေ။ ဒါပေမယ့် တစ်ခုရှိတာက အရင်က ကားလမ်းခရီးက ဈေးသိပ်မကြီးပေမယ့် အခုနောက်ပိုင်း ကုန်းလမ်းကုန်ကျစရိတ်က ပိုလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း မြန်မာနိုင်ငံနည်းတူ နယ်စပ်ဖြတ်ကျော်ကာ အလုပ်သမားစေလွှတ်နေသော်လည်း အဆိုပါနိုင်ငံအနေဖြင့် နယ်နိမိတ်ကျဉ်းသည့်အတွက် လမ်းခရီးလွယ်ကူကာ မြန်မာနိုင်ငံအနေဖြင့် နယ်မြေဧရိယာကျယ်သောကြောင့် ယခုကဲ့သို့ လေကြောင်းခရီးဖြင့် စေလွှတ်ပါကခရီးစဉ်ကြာချိန် တိုတောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

MT