လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက်(၁၀)နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data)တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း(၁၀)လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ Biographic/ Biometric အချက်အလက်များမှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာရာတွင် သတ်မှတ်ထားသည့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ TBP, BP လက်မှတ်များဖြင့် တရားဝင် ဝင်/ထွက်သွားလာခွင့် ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်/ထွက်ခွင့်ပြုရာတွင် နယ်စပ်အဝင်/အထွက် လူဦးရေစာရင်းဇယားတိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများနှင့် အသုံးမပြုသည့်ကတ်များအား အသုံးပြု၍သွားလာခြင်းများကို ထိန်းချုပ်နိုင်ရေးတို့အတွက် UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နယ်စပ်ဝင်/ထွက်ဂိတ်များသို့ TBP, BP လက်မှတ်လာရောက်လျှောက်ထားသူ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါတစ်ပါတည်း ယူဆောင်လာကြပါရန်နှင့် (၁-၅-၂၀၂၄) ရက်နေ့မှစတင်ပြီး UID စာရွက်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါကြောင်း ပြည်သူများသို့ ကြိုတင်အသိပေးကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန