Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၄

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (UN Department of Safety and Security-UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် Under-Secretary-General Mr. Gilles Michaud က ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်းများဆောင်ရွက်ခွင့်တို့နှင့် ပတ်သက်၍ အဓိကဆွေးနွေးသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ အလေးပေးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် သွားလာခွင့်နှင့်စပ်လျဉ်း၍ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလုံခြုံရေးအကြံပေး Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်