နေပြည်တော် ဧပြီ ၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ ရေသန့်စင်စက်ရုံ၊ သံရည်ကျိုအလုပ်ရုံတို့တွင် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စက်ပစ္စည်းကိရိယာများတပ်ဆင်နေမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံပြန်လည် လည်ပတ်နိုင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်မှစ၍ ယနေ့အထိဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို စနစ်တကျမှတ်တမ်းထားရှိ၍ သိမ်းဆည်းထားရန်၊ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးသည့် အလုပ်ရုံခွဲ ၁၉ ရုံတို့ရှိ စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ စက်တပ်ဆင်ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများပြီးစီးပါက လွတ်လပ်သောပြင်ပပညာရှင်များအဖွဲ့ (Third Party) ဖြင့် စစ်ဆေးသွားရန်၊ နိုင်ငံတော်အတွက် လိုအပ်သည့် အထူးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မိမိတစ်ဦးတည်း တတ်မြောက်နေရုံဖြင့်မပြီးဘဲ လက်အောက်ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံစားရိပ်သာ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပုဒ်မများကို အသေးစိတ် ပြန်လည်ရှင်းလင်းပြောကြားပြီး ရှင်းလင်းပြောကြားခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဝန်ထမ်းများ၏ဆွေမျိုးများ၊ နီးစပ်ရာအသိုင်းအဝိုင်းတို့တွင် ထပ်ဆင့် ပြန်လည်ရှင်းလင်းပြောကြားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးသည့် နိုင်ငံရှိသကဲ့သို့မကျင့်သုံးသည့် နိုင်ငံများလည်းရှိကြောင်း၊ အချို့နိုင်ငံများတွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်မှသာ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဋ္ဌာန်းကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်ကတစ်ဦးချင်းစီ၏ သဘောဆန္ဒအရသာ စစ်မှုထမ်းဆောင်ခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးသည့် နိုင်ငံများအတွက် အလွန်အရေးပါသည့် ဥပဒေဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသည့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်