ရန်ကုန် ဧပြီ ၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်အမှူးပြုသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းမိသားစုများ၏ စုပေါင်း ဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်သော ရှင်ရဟန်း ဒါယကာ၊ ဒါယိကာမတို့က သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတို့ဖြင့် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ အစီအစဉ်အတိုင်း ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်နှင့် စွယ်တော်မြတ်စေတီတော်သို့ အစီအစဉ်အတိုင်း လှည့်လည်ပူဇော်ကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိကြပြီး ထေရဝါဒပသာရဏီ သိမ်တော်အနီး၌ ဒုလ္လဘရဟန်း လောင်း ၃၉ ဦး၊ ရှင်သာမဏေလောင်း ၂၁ ဦး၊ သာသနာ့နွယ်ဝင် သီလရှင်လောင်း ၁၀ ဦးတို့ကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သင်ကြားဆရာတော်များ၊ သီလရှင်ဆရာကြီးများက ကေသစ္ဆေဒန မင်္ဂလာစုပေါင်းဆံချခြင်း၊ ရှင်ရဟန်းလောင်းအားလုံးတို့က ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒထံသင်္ကန်းကပ်၊ သင်္ကန်းတောင်းခြင်း၊ ဥပဇ္ဈာယ်ယူဆယ်ပါးသီလ ခံယူဆောက်တည်ခြင်းတို့ဆောင်ရွက်၍ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ ရှင်သာမဏေအဖြစ်လည်းကောင်း၊ သာသနာ့နွယ်ဝင် သီလရှင်လောင်းတို့ကလည်း သင်ကြားသီလရှင်ဆရာကြီးတို့ထံတွင် သီလရှင်ဝတ်ခြင်းစသည်တို့ဆောင်ရွက်ကြပြီး ပါမောက္ခချုပ်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်၍ သာသနာ့နွယ်ဝင်သီလရှင်အဖြစ်လည်းကောင်း သာသနာ့အမွေ ခံယူခဲ့ကြ သည်။
ယနေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ရှိထေရဝါဒပသာရဏီသိမ်တော်တွင် အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော် ၃၁ ပါးတို့က ဒုလ္လဘရဟန်းအဖြစ်ခံယူကြမည့် ရဟန်းလောင်း၊ ရှင်သာမဏေလောင်း ၃၉ ပါးတို့ကို ရဟန်းခံယူခြင်း ဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါ ရွတ်ဖတ်ဥပသမ္ပဒ ကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးဦးဆောင်သည့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များကပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြားဆရာတော် ၃၁ ပါး၊ ဒုလ္လဘရဟန်းတော် ၃၉ ပါး၊ စုစုပေါင်းအပါး ၇၀ တို့အား သိမ်ဆင်းလောင်းလှူ ပူဇော်ကြသည်။
ယင်းနောက် စုပေါင်းရဟန်းခံရှင်ပြုသီလရှင်ဝတ် အလှူတရားတော်နာ ရေစက်ချအခမ်းအနားကို တက္ကသိုလ်ရှိဘာဝနာမဟာ သဘာတရားထိုင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ဧည့်ပရိသတ်များက ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်မြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးကဦးဆောင်၍ အကြီးအကဲများနှင့် အလှူရှင်များက ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သင်ကြားဆရာကြီး လေးပါးတို့ကို ပြည်ထောင်စုဝန်ကြီး၏ဇနီးနှင့် အမြဲတမ်းအတွင်း ဝန်၏ ဇနီးတို့ကလှူဖွယ်ပစ္စည်း များ လှူဒါန်းကြကာ ပြည်ထောင်စုဝန်ကြီးက ဝမ်းမြောက်စကား လျှောက်ထားသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်