Skip to main content

ဟိုပုံးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုးပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ တိုက်ပွဲဖော်ဆောင်နေသော အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

နေပြည်တော် မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုးပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့် လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် PNLO ၊ KNDF ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံတိုင်းရင်းသားပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထိုသို့ ကန့်ကွက်ရှုတ်ချလျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့မှ ‌ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူအင်အား ၁၁၀၀ ကျော်ခန့်သည် အဆိုပါမြို့ရှိ မြို့မအားကစားကွင်း၌ စုဝေးပြီး ၎င်းစုရပ်နေရာမှ ဟိုပုံး-ဆီဆိုင်လမ်းမကြီးအတိုင်း မွေတော်ဘုရားရှေ့ကျောက်တိုင်ကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒဖော်ထုတ်ကြကာ နံနက် ၉ နာရီခန့်တွင် အေးချမ်းစွာ လူစုခွဲခဲ့ကြသည်။

ချီတက်ရာ လမ်းတစ်လျှောက်တွင် “ KNDF ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အလိုမရှိ၊ NUG ၊ CRPH အကြမ်းဖက်အဖွဲ့ အလိုမရှိ၊ TNLA အကြမ်းဖက်အဖွဲ့ အလိုမရှိ၊ ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီးနေကြသည့် အကြမ်းဖက်အဖွဲ့ အလိုမရှိ၊ ပြည်သူလူထု လူမှုစီးပွားဘဝ ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့ အလိုမရှိ၊ ဒေသတည်ငြိမ်အေးချမ်းမှု ဖျက်ဆီးသူ ဒို့ရန်သူ၊ အမျိုး ဘာသာသာသနာ ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့အား ချေမှုန်းကြ ” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်