Skip to main content

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသော အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပု ပြခန်းကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းတော်ကြီးမှ အနုပညာအစဉ်အလာကြီးမားသည့် အဆို၊ အတီး၊ အကပညာရှင်များ၊ ပန်းချီပန်းပုပညာရှင်အကျော်အမော်များသာမက စာပေပညာရှင်၊ တေးရေးပညာရှင်အကျော်အမော်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အရေးကြီးပါကြောင်း၊ ယဉ်ကျေးမှုကို စောင့်ရှောက်ခြင်းသည် ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ပါကြောင်း၊ အနုပညာဆိုသည့် စကားရပ်သည် မိမိတို့ဖန်တီးသော အနုသုခုမပညာရပ်များအတွက် ပြေပြစ်ခြင်း၊ သိမ်မွေ့ခြင်း၊ သာယာနာပျော်ဖွယ်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသော်လည်း ကြံ့ခိုင်သည့်စိတ်ခွန်အားရှိမှသာ ဖန်တီး၍ရမည်ဖြစ်ပါကြောင်း၊ မျက်မှောက်ကမ္ဘာ၏ အခြေအနေ အချိန်အခါအရလည်း မဖြစ်မနေ စိတ်ဓာတ်ကြံ့ခိုင်ရမည့်အချိန်ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ကိုယ့်နိုင်ငံကို ချစ်စိတ်၊ ကိုယ့်ပြည်ထောင်စုကို ချစ်မြတ်နိုးစိတ်နှင့် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ်တို့ကို အတူယှဉ်တွဲ၍ကြံ့ခိုင်နေရမည့် အချိန်အခါဖြစ်သည်ကို မောင်တို့မယ်တို့အား လက်ဆောင်စကားပါးလိုကြောင်း။

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းဆင်းကြမည့် ကျောင်းသား ကျောင်းသူများသည် ပန်တျာသင်တန်းမှ ၁၅ ဦး၊ ပန်းချီပန်းပုသင်တန်းမှ လေးဦး စုစုပေါင်း ၁၉ ဦးဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျောင်းဆင်းမောင်မယ်များအနေနှင့် ကျောင်းဆင်းသွားသည့်အခါတွင် ဘဝ၏ ရေရှည်အကျိုးကို ရည်မျှော်ပြီး ကျောင်းသင်ပညာရပ်များနှင့် ရပ်တန့်မနေဘဲ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်အောင်မြင်ထင်ရှားပြီးဖြစ်သော သဘာရင့်၊ ဝါရင့်ပညာရှင်ကြီးများထံမှလည်း အလျဉ်းသင့်သလို ဆက်လက်သင်ယူသွားကြရန်နှင့် မိခင်ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ဘဲ စဉ်ဆက်မပြတ် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ရိုးရာအနုပညာရပ်များကို ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကြမည့် ကျောင်းသား ကျောင်းသူ ၁၉ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍ ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြပဒေသာကပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်