Skip to main content

နေပြည်တော် လမ်းလျှောက်သင်္ကြန်အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၉

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်း၊ Brilliant Aura Co.,Ltd မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ယခုနှစ်သင်္ကြန်တွင် K-POP အဆိုရှင်များပါဝင်ဆင်နွှဲမည်

ရှေးဦးစွာ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို မတ် ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၂၀)ချမှတ်ခဲ့ကာ တက်ရောက်သူများအားလုံးနှင့် သက်ဆိုင်ရာများသို့ သိရှိဆောင်ရွက်နိုင်ရေး ပေးပို့အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီ(၅)ခုကို မတ် ၂၁ ရက်တွင် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဝန်ကြီးဌာနအသီးသီးက သိရှိအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်သင်္ကြန်တွင် ထူးထူးခြားခြားအနေဖြင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်သည် နိုင်ငံတော်က စီမံကျင်းပသည့် နှစ်သစ်ကူးပွဲတော်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအားလုံး၊ ဝန်ထမ်းများအားလုံးနှင့် ပြည်သူလူထုစုပေါင်းပျော်ရွှင်စေရန် ရည်ရွယ်ချက်လည်းပါဝင်ကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ အနေအထားအရ ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စည်းလုံးမှု၊ ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှု၊တစ်သားတည်းဖြစ်မှုကိုပြသသည့် အနှစ်သာရကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း၊ မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် နှစ်ခုလုံးတွင် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အနုပညာရှင်များကို ဖိတ်ကြားထားပြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကားဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြုံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ယဉ်ကျေးပျော်ရွှင်စွာ ဆင်နွှဲနိုင်အောင်ဆောင်ရွက်မည်

ထို့နောက် နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးသန်းထွန်းဦးက နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ယခင်နှစ်မှ စတင်ကျင်းပခဲ့ပြီး ပြည်သူလူထုနှင့်ဝန်ထမ်းများပူးပေါင်း၍ အတူတကွ ပျော်ရွှင်စွာဆင်နွှဲကြသည့် ရည်ရွယ်ချက်မှာ ကောင်းမွန်ပါကြောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်ကို နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပြည်သူနှင့် ဝန်ထမ်းများ ယဉ်ကျေးပျော်ရွှင် စွာဆင်နွှဲနိုင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက လမ်းလျှောက်သင်္ကြန် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လမ်းလျှောက်သင်္ကြန်အတွက် ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ၂၀၂၄ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားနိုင်ငံမှ အနုပညာရှင်အဖွဲ့၏ ဖျော်ဖြေရေးနှင့် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်မည့်အစီအမံများ၊ မဏ္ဍပ်များနေရာချထားမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ရန်လျာထားမှု၊ ရေရရှိရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ယိမ်းအဖွဲ့များ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအပါအဝင် သင်္ကြန်ပွဲတော်အား အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီး တေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၏ သီဆိုဖျော်ဖြေ မှုပါဝင်မည်ဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင် မြန်မာနိုင်ငံမှ လူငယ်အဆိုတော် မိုးအာကာဝင်းနှင့်တွဲဖက်၍ မြန်မာ - ရုရှားနှစ်ဘာသာ ပေါင်းစပ်ရေးသားထားသော မြူးကြွသည့် သီချင်းအသစ်များနှင့် သီဆိုဖျော်ဖြေသွားရန် စီစဉ်ထားသည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်