Skip to main content

ပုဂ္ဂလိကစီးပွားရေးကဏ္ဍ မြှင့်တင်ကြိုးပမ်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ အားကောင်းလာရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများအများစုရှိသော်လည်း ပြည်ပသွင်းကုန်များကို ဦးစားပေးသောကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် အဆင့်မီကုန်ချောများထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများများစွာရှိသော်လည်း အားပေးဆောင်ရွက်မှု အားနည်းနေသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း အဆင့်မီစွာထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားကြရန်၊ ရှိပြီးဖြစ်သည့် လူသားအရင်းအမြစ်များကို နေရာတကျအသုံးချနိုင်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် အဆင်ပြေချောမွေ့စွာ လုပ်ငန်းများလည်ပတ်နိုင်ရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားသည်။

ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ပါက ပြည်ပသွင်းကုန်ပစ္စည်းများအပေါ် မှီခိုနေရခြင်းမှ လျော့နည်းသွားမည်ဖြစ်သည်။ ဈေးကွက်တည်ငြိမ်မှုကိုလည်း ထိန်းညှိပေးနိုင်မည်ဖြစ်သည်။ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့က အဆိုပြုထားသည့် ထုတ်ကုန်အမည် ၁၀၇ မျိုးကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပြုထားသည့် ထုတ်ကုန်အမည်များအနက် ဦးစားပေး ၅၇ မျိုးကို ရွေးချယ်ထားပြီး ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန် စီမံကိန်းများနှင့် ချိတ်ဆက်အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက် ရှိလာအောင် အားပေးကူညီဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုလိုအပ်သည့် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင်တည်ရှိသည့် MSME လုပ်ငန်းများက ထုတ်လုပ်ပေးနိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများဖြင့် နိုင်ငံအတွင်း ဖူလုံရေးအတွက် ဖြည့်ဆည်းပေးပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ၂၃ ကြိမ်တွေ့ဆုံခဲ့ပြီး လုပ်ငန်းရှင်များတင်ပြလာသည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာသည်နှင့်အညီ မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ အတူလိုက်ပါဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုင်ရာ နည်းပညာများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာသည်ကို ကမ္ဘာ့စီးပွားရေးအခင်းအကျင်းများတွင် တွေ့မြင်နေရသည်။

ထို့ကြောင့် MSME လုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့်ချိတ်ဆက်ပေးနိုင်ရေး၊ ဒစ်ဂျစ်တယ်စွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးတို့ကို အစီအမံများရေးဆွဲဆောင်ရွက်ရေး၊ အစပျိုးစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်ရေး၊ စွန့််ဦးတီထွင်လုပ်ငန်းရှင်များ ပိုမိုပေါ်ပေါက်လာစေရေးနှင့် ဆန်းသစ်တီထွင်မှုနှင့်ယှဉ်ပြိုင်မှုများ ပိုမိုအားကောင်းလာစေရေးတို့ကို ပံ့ပိုးကူညီဆောင်ရွက်သွားရန် နိုင်ငံတော်က တိုက်တွန်းထားသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် MSME လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုတို့သည် အသက်သွေးကြောသဖွယ် အရေးပါသည်။

သို့ဖြစ်ရာ ဒေသအသီးသီးတွင် ကဏ္ဍအလိုက်ဈေးကွက်များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအလိုက် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အားပေးမြှင့်တင်ရေး၊ စက်မှုချိတ်ဆက်ဆောင်ရွက်ရေး၊ လုပ်ငန်းရှင်များနှင့် စက်မှုဇုန်များ ချိတ်ဆက်ဆောင်ရွက် ရေး၊ MSME ထုတ်ကုန်ပြပွဲများ၊ ပြိုင်ပွဲများ၊ ဒစ်ဂျစ်တယ်အစီအစဉ်များ၊ ပြည်ပကုန်စည်ပြပွဲများတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ ပြည်ပဈေးကွက်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို နိုင်ငံတော်၏ပံ့ပိုးကူညီပေးမှုများဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။       ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)