နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့အရေးကိုအလေးထားပြီး နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိပြီး ဦးတည်ချက်များကိုလည်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ဘက်ပေါင်းစုံ၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဝါကိုပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်ပြီး အရည်အသွေးကောင်းမွန်သည့်ထုတ်ကုန်များ ထုတ်လုပ်ရေးနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးကို ဆောင်ရွက်ပေးခဲ့သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးခဲ့သည်။ ကျေးလက်ဒေသများပါမကျန် အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။
အရည်အသွေးမြင့်မားပြီး လူတိုင်းလက်လှမ်းမီသည့် ပညာရေး၊ ပြည်သူလူထု ဗဟိုပြုကျန်းမာရေး၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးတို့ကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။ ငွေကြေးဖောင်းပွမှုကို အတတ်နိုင်ဆုံးထိန်းထားနိုင်ရန် အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာစွာ ဝယ်ယူရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။ ယင်းကဲ့သို့ ဘက်ပေါင်းစုံ၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု အဟန့်အတားဖြစ်စေခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မဆောင်ရွက် နိုင်ခြင်းဖြစ်ခဲ့၍ ရည်မှန်းထားသလောက် အောင်မြင်မှုလိုအပ်နေသေးသည်။
မည်သို့သောစိန်ခေါ်မှုများ၊ အခက်အခဲများရှိသည်ဖြစ်စေ နိုင်ငံတော်ကချမှတ်ထားသည့် “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူအားလုံး၏အကျိုးကိုရှေးရှု၍ နိုင်ငံ့စီးပွားရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းများကို ယခုထက် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ရရှိပြီးသော တိုးတက်မှုများကို အရှိန်အဟုန်မပျက်စေဘဲ ဆောင်ရွက်ဆဲလုပ်ငန်းများကို အမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ပြီး လာမည့်ဘဏ္ဍာနှစ်၏ အမျိုးသားစီမံကိန်းများကို အင်တိုက်အားတိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
“နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက် အောင်မြင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်များက ဟန်ချက်ညီညီအချိတ်အဆက်မိမိပူးပေါင်းပြီး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားစီမံကိန်းကော်မရှင်(၁/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်၏စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရည်မှန်း ထားသည့်အတိုင်း လုပ်ကိုင်နိုင်ရေးအတွက် လုပ်ငန်းအလိုက် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရေး၊ စိစစ်သုံးသပ်ရေးတို့ကို အားကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူများ၏ လူမှုစီးပွားအကျိုးခံစားခွင့်များရရှိရေးကို ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ ကုန်ထုတ်လုပ်ငန်းများအား သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားများ ကောင်းမွန်ရန်လိုအပ်သည်။ အဆိုပါအင်အားများ ကောင်းမွန်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးအကြီးဆုံးအချက် ဖြစ်သည်။ အဆိုပါအချက်များကို အစိုးရတစ်ရပ်၊ တပ်မတော်တစ်ရပ်တည်းဖြင့်ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ပေ။ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲပြီး ပြည်သူလူထုဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှုသို့ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြည်တွင်းအားဖြင့် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။ ။