ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ပိုင်နက်နယ်နိမိတ်၊ ပြည်သူများ၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့ ပြည့်စုံရန်လိုအပ်သည်။ အဆိုပါ အင်္ဂါ(၄)ရပ် ပြည့်စုံမှသာ နိုင်ငံ၏ဥပဓိရုပ်ပြည့်စုံသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှသည် မျက်မှောက်ကာလတိုင်အောင် ဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်ကြိုးပမ်းကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်ရာ နိုင်ငံသူနိုင်ငံသားတို့အတွက် နိုင်ငံသည် အသက်နှင့်ထပ်တူ အရေးပါသည်ကို အဆိုပါ ဖြစ်ရပ်တွင် သင်ခန်းစာယူဖွယ် တွေ့ရှိနိုင်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကာလ မိမိတို့နိုင်ငံပိုင်နက် နယ်နိမိတ်ကို ထိုခေတ်ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် ဗြိတိန်ကစတင်ထိပါးကျူးကျော်သည်မှစကာ ၎င်းတို့၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ ပဒေသရာဇ်အုပ်ချုပ်ရေးယန္တရားမှာ ခေတ်နောက်ကျနေခြင်း၊ အာဏာအားပြိုင်မှုများ ဖြစ်ပေါ်နေခြင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲနေခြင်း၊ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသူတို့ ကမ္ဘာကို မကြည့်မြင်နိုင်ခဲ့ခြင်းနှင့် နိုင်ငံ၏ကာကွယ်ရေးစွမ်းအားချည့်နဲ့နေခြင်းတို့မှာ နိုင်ငံဆုံးရှုံးပြီး နယ်ချဲ့ကျူးကျော်သူလက်အောက် အလွယ်တကူကျရောက်စေခဲ့သည့် အကြောင်းရင်းခံ များတွင် ပါဝင်ခဲ့သည်။
မြန်မာ့ခေတ်သစ်တပ်မတော်မှာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူထဲမှပေါ်ပေါက်လာခဲ့ပြီး ပြည်သူလူထုနှင့်အတူလက်တွဲကာ နယ်ချဲ့တို့ကို တိုက်ထုတ်ခဲ့သလို ဖက်ဆစ် တို့ကိုလည်း တော်လှန်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် စတင်ခဲ့သည့် သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ကိုပင် တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် (၇၉) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ၇၉ နှစ်တာကာလအတွင်း မိမိတို့နိုင်ငံသည် နိုင်ငံရေးစနစ်အမျိုးမျိုး၊ အစိုးရအဆက်ဆက်တို့နှင့်အတူ အမျိုးမျိုးသောလောကဓံတို့ကို တွေ့ကြုံခံစားခဲ့ရာတွင် တပ်မတော်သည် ပြည်တွင်းရန်၊ ပြည်ပ ရန်တို့ကို ခုခံကာကွယ်တွန်းလှန် တိုက်ထုတ်ခဲ့ရသည်။ နယ်ချဲ့ကိုတွန်းလှန်တိုက်ခိုက်၍ လွတ်လပ်ရေးရယူရန် ပေါ်ထွက်လာခဲ့သည့် မြန်မာ့တပ်မတော်သည် အမျိုးသားနိုင်ငံရေးနှင့် တစ်သားတည်း ရှိနေခဲ့ရာ လွတ်လပ်ရေးရပြီးကာလ တစ်လျှောက်လုံးတွင်လည်း အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားစေရေးအတွက် ကြိုးပမ်းကာကွယ်ခဲ့ရသည်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်နေခဲ့ရာ နိုင်ငံ၏အနာဂတ်တွင်လည်း ပါဝင်နေရဦးမည် ဖြစ်သည်။
နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲနေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်နှင့်အတူ အမျိုးသားအရေး၊ ဒီမိုကရေစီရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးသန္နိဋ္ဌာန်များချမှတ်ကာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၊ နိုင်ငံသားအားလုံး တန်းတူရည်တူရှိမှုကို အတိအလင်းပြဋ္ဌာန်းထားသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေချိန်တွင် ကျဉ်းမြောင်းသည့် လူမျိုးရေးအစွန်းရောက် အတွေးအခေါ်များ၊ လူမျိုးခွဲခြား မုန်းတီးရေးဖန်တီးမှုများ၊ မိမိတို့အကျိုးစီးပွားအတွက် နိုင်ငံကိုရောင်းစားရန်ကြံစည်မှုများ၊ ပြည်ထောင်စုပြိုကွဲရန် ကြိုးပမ်းမှုများ၊ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ရှိနေသရွေ့ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်ကဏ္ဍတွင်ပါဝင်ကာ ပြည်သူလူထုကြီးနှင့်အတူတကွ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးတာဝန်တို့ကို ထမ်းရွက်နေရဦး မည်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်မှာ ပြည်တွင်းစည်းလုံးညီညွတ်ရေး၊ တပ်မတော်နှင့်ပြည်သူ စိတ်ဝမ်းတူညီစွာဖြင့် ပူးပေါင်းလက်တွဲကာ ပြည်တွင်းပြည်ပ အန္တရာယ်တို့ကို ကာကွယ်နိုင်ရေးတို့ လိုအပ်သည့်အလျောက် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကျရာကဏ္ဍမှ တက်ကြွစွာပါဝင်ကြရပါမည့်အကြောင်း။ ။