နေပြည်တော် မတ် ၂၁
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း နိုင်ငံ့အရေးကိုအလေးထားပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အပြင် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ကြိုးပမ်းဆောင်ရွက်ပေး
အစိုးရ၏ ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး၊ စားအုန်းဆီကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါဂွမ်းကို ပြည်တွင်း၌ပင် လုံလောက်စွာထုတ်လုပ်ပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်း များထုတ်လုပ်နိုင်ရေးနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း။
ထုတ်ကုန်များများ ထုတ်လုပ်နိုင်မှ ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) များကို အားပေးမြှင့်တင်ပေးခဲ့ကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး အခြေခံလုပ်ငန်းများ၊ လျှပ်စစ်ရရှိရေး၊ ရေရရှိရေးစသည့်လုပ်ငန်းများ၊ ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများ၊ ရာသီမရွေး သွားလာနိုင်သည့် လမ်းကွန်ရက်များ ရရှိစေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဦးစားပေးဆောင်ရွက်ပေးခဲ့
အရည်အသွေးမြင့်မားသည့် ပညာရေးစနစ်ဖြစ်စေရန် ပညာရေးတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများရရှိရန် ဦးစားပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ လူတိုင်းစေ့ ပညာသင်ယူနိုင်သည့်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးတို့အတွက် အားကစားကဏ္ဍ မြှင့်တင်ရေး အားကစားဆိုင်ရာ အခြေခံအဆောက်အအုံ တိုးတက်ရေးတို့ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စရိတ်ကြောင့် မြင့်တက်လာသည့် ငွေဖောင်းပွမှု (cost push inflation) ကို အတတ်နိုင်ဆုံးထိန်းနိုင်ရန် အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက် သက်သာစွာ ဝယ်ယူရရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း။
ယခုကဲ့သို့ ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း အကြမ်းဖက်လုပ်ရပ်များကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုများကို အဟန့်အတားဖြစ်စေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ရည်မှန်းထားသလောက် အောင်မြင်မှုမရှိသေးသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်က ချမှတ်ထားသည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူအားလုံး၏အကျိုးကို ရှေးရှုပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက်တွင် လုပ်ငန်းများ အောင်မြင်ရေးအတွက် ယခုထက် တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရရှိပြီးဖြစ်သည့် တိုးတက်မှုများကို အရှိန်အဟုန်မပျက်စေဘဲ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အောင်မြင်အောင် အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပြီး စီမံကိန်း၏အကျိုးရလဒ်များကို ပြည်သူများ အလျင်အမြန်ခံစားရရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာကိုလည်း လာမည့်နှစ်နှစ်အတွင်း အကျိုးရရှိစေမည့် လုပ်ငန်းများကိုဖော်ထုတ်ပြီး အမျိုးသားစီမံကိန်းနှင့် ချိတ်ဆက်အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ လူမှုစီးပွားရေးအဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်ခိုင်မာအောင် တည်ဆောက်ရာတွင် ပြည်တွင်းအင်အားကသာ အဓိကကျသည့်အတွက် ပြည်တွင်း၌ရှိသည့် အရင်းအမြစ်မျိုးစုံကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုကြရမည်ဖြစ်ကြောင်း။
ဆက်လက်ဆောင်ရွက်သွားမည်
နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး ပြည်နယ်များက ဟန်ချက်ညီညီ၊ အချိတ်အဆက်မိမိပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ပြုစုရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအပါအဝင် အခြားကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြုစုထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရရှိပြီးသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လက်တွဲညီညီဖြင့် ဝိုင်းဝန်းကြိုးပမ်း
နိုင်ငံတော်၏အရင်းအမြစ်များကို ထိရောက်စွာ အသုံးချပြီး တိုးတက်သည့် ရလဒ်ကောင်းများရရှိ အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုတို့၏ အဓိကလိုအပ်သည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် စီမံကိန်းများ အချိန်မီပြီးစီးစေရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏စီးပွားရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ လက်တွဲညီညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စီမံကိန်းအသုံးစရိတ်များကိုလည်း စနစ်တကျ ထိရောက်စွာ စီမံခန့်ခွဲရန်လိုအပ်မည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေကို သုံးသပ်ဆွေးနွေးပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း (မူကြမ်း) ရေးဆွဲထားမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားစီမံကိန်းကော်မရှင်အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း) ကို ရှင်းလင်းတင်ပြသည်။
အသီးသီးရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ဘဏ္ဍာနှစ်အလိုက် အမျိုးသားစီမံကိန်းလျာထားမှုနှင့် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်ခုတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားများ ကောင်းမွန်နေရန်လိုကြောင်း၊ အဆိုပါအင်အားများ ကောင်းမွန်ရန် အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံတစ်ခုတိုးတက်ရေးအတွက် အသေးစိတ်ကျကျ လက်တွေ့သုံးသပ်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အချို့ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စီမံကိန်းများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ အားနည်းချက်များကိုဖော်ထုတ်၍ လာမည့်ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း။
ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်
သွင်းကုန်များ လျှော့ချပြီး ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်များပြားလာမှသာ ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက် များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံခြားငွေကုန်ကျမှုကို များစွာလျော့ကျစေမည်
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း ဆောင်ရွက်လျက်ရှိနေကြကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အဆင့်မီ ကုန်ချောများထုတ်လုပ်နိုင်သည့် (MSME) လုပ်ငန်းများ များစွာရှိသော်လည်း အားပေးဆောင်ရွက်မှု အားနည်းသည်ကိုတွေ့ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုသကဲ့သို့ အခြားထုတ်ကုန်များကိုလည်း အဆင့်မီစွာထုတ်လုပ်နိုင်ရေး အားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် လူသားအရင်းအမြစ်များကို နေရာတကျ အသုံးချနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် အဆင်ပြေချောမွေ့စွာဖြင့် လုပ်ငန်းများ တိုးတက်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိရှိဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ နိုင်ငံသားများထဲမှ ငွေကြေးရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်သူများအား ကုန်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကို အလေးထားရန် ထပ်မံပြောကြားလိုကြောင်း၊ နှစ်စဉ်ပျမ်းမျှ စားသုံးဆီ ဒေါ်လာသန်း ၅၀၀ မှ ၆၀၀ အတွင်း ပြည်ပမှ တင်သွင်းနေရမှုအား ဆီဖူလုံအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျမှုကို များစွာလျော့ကျစေမည်ဖြစ်ကြောင်း။
သယံဇာတပစ္စည်းများ တရားမဝင်ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်းနှင့် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်း များ အောင်မြင်စွာဆောင်ရွက်နိုင်ရေး သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထား
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ ယနေ့အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို ဆွေးနွေးညှိနှိုင်းကြပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
စီမံကိန်းများကို အကောင်အထည်ဖော်ဆောငရွက်ရာတွင် ရည်မှန်းထားသည့်အတိုင်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းအလိုက် အဆင့်ဆင့်ကြီးကြပ်စစ်ဆေးမှုများ၊ စိစစ်သုံးသပ်မှုများကို အားကောင်းစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ပြည်သူတို့၏ လူမှုစီးပွားအကျိုးခံစားခွင့်များရရှိရေးကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အချိန်ယူဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများ၏ ပညာ အရည်အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ၊ နည်းပညာများ သင်ကြားနိုင်ရေးနှင့် မှန်ကန်သည့် တွေးခေါ်မြော်မြင်မှုများရရှိရေး လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်ရေးကို မျှော်မှန်းပြီး လူငယ်များ ဗလငါးတန်ပြည့်ဝရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဖော်ဆောင်ကြရမည့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာနှင့် ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြည်တွင်းအားနှင့် စုပေါင်းပြီးသတိဝီရိယနှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်မှ လုပ်ငန်းပြီးပြတ်ခြင်းမရှိဘဲ ပြန်လည်အပ်နှံခဲ့သည့် ဘဏ္ဍာငွေများကိုလည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အကျိုးရှိရှိ အသုံးချလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အလေးထားအားပေးဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်