လူတို့အသက်ရှည်ကျန်းမာရေးအတွက် သန့်ရှင်းသောလေ၊ သန့််ရှင်းသောရေ အပြည့်အဝရရှိရန်လိုအပ်သည်။ သန့်ရှင်းသောလေကို နေ့စဉ်ရှူရှိုက်ပြီး သန့်ရှင်းသော ရေကို နေ့စဉ်ပြည့်ပြည့်ဝဝ သောက်သုံးနိုင်ပါမှ သက်ရှည်ကျန်းမာသော လူ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ သို့သော် မြို့ပြများတွင် လူဦးရေထူထပ်လာမှု၊ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမှုတို့ကြောင့် သန့််ရှင်းသောလေနှင့်ရေကို အပြည့်အဝရရှိနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံနှင့်တကွ ပတ်ဝန်းကျင်နိုင်ငံများ၏ မိုးသားကောင်းကင်သည် ရှေးယခင်ကာလများကဲ့သို့ မိုးသားတိမ်လိပ်နှင့် ပြာလဲ့လဲ့ကြည်လင်ကောင်းကင်ပြင်အဖြစ် မြင်တွေ့နိုင်ရန် အခြေအနေများနည်းလာသည်။ ယခုကဲ့သို့ ရာသီကာလများတွင် ကောင်းကင်တစ်ခွင်တစ်ပြင်လုံးမှာ အပြာရောင်မိုးသားကောင်းကင်ပျောက်၍ ညို့ညို့မှိုင်းမှိုင်းအုံ့ဆိုင်းနေသည်ကို အချိန်အခါမရွေးမြင်တွေ့နေရပြီဖြစ်သည်။ ဤသည်မှာ ကောင်းကင်ယံ လေထုတစ်ခုလုံး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကဲ့သို့သော အခိုးအငွေ့များ ပိတ်ဖုံးနေသည့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။
ပြည်သူ့ကျန်းမာရေးအတွက် လေထုအရည်အသွေး အဆင့်သတ်မှတ်ချက်တွင် အန္တရာယ်ရှိသော အဆင့်သတ်မှတ်ချက် PM 2.5 သို့ရောက်ရှိလျှင် အထူးသတိထား နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ပတ်ဝန်းကျင်ဒေသများ၌ ထိုအန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိနေသည်ကို အထူးသတိမူအသိရှိကြရမည်ဖြစ်သည်။ PM 2.5 ဆိုသည်မှာ သေးငယ်သည့် အန္တရာယ်ရှိသော အမှုန်အမွှားအရွယ်အစားအဆင့်ကို ဆိုလိုသည်။ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာ အရွယ်အစားခန့်ရှိသည့် အန္တရာယ်ရှိသော လေထုထဲမှ အမှုန်အမွှားများဖြစ်သည်။ ညအခါ၌ အလင်းရောင်ကျသည့်အခါတွင်လည်းကောင်း၊ နေ့အခါ နေရောင်ခြည်ဖြာကျနေသည့်အခါတွင်လည်းကောင်း လေထုအတွင်း၌ အမှုန်အမွှားများ လှုပ်ရှားသွားလာနေသည်ကို မြင်တွေ့နိုင်သည်။
လူတို့သည် နေ့စဉ်ပတ်ဝန်းကျင်မှ လေကိုရှူရှိုက်လျက်ရှိရာ၌ အလွန်သေးငယ်သည့် အမှုန်အမွှားဖုန်မှုန့်များကို သဘာဝအလျောက်တားဆီးထားနိုင်သော်လည်း အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာ အရွယ်အစားခန့်ရှိသည့် အမှုန်အမွှားများကိုမူ တားဆီးနိုင်ခြင်းမရှိဘဲ အသက်ရှူရှိုက်လိုက်ပြီးနောက် အဆုတ်အတွင်းသို့ရောက်ရှိကာ ယင်းမှတစ်ဆင့် သွေကြောများအတွင်းသို့ ရောက်ရှိသွားနိုင်သည်။ လေထုအတွင်းမှ အလွန်သေးငယ်သည့် သိပ်သည်းဆမြင့်မားသော အမှုန်အမွှားများနှင့် ထိတွေ့သည့်အခါ မျက်စိနှင့် အရေပြားတို့တွင် လောင်ကျွမ်းခြင်း၊ ယားယံခြင်းကို ဖြစ်ပေါ်စေပြီး အဆုတ်အတွင်းသို့ ရောက်ရှိသည့်အခါ ရင်ဘတ်တင်းကျပ်နာကျင်ခြင်း၊ ချောင်းဆိုးခြင်းဟူသည့် သာမန်ဝေဒနာများကို ဖြစ်ပေါ်စေသည်။
အဆိုပါရောဂါဝေဒနာလက္ခဏာများအပြင် မသန့်ရှင်းသောလေကို ရှူရှိုက်ရသဖြင့် နှလုံးသွေးကြောနှင့်ပတ်သက်သည့် ရောဂါအခံများနှင့် အဆုတ်၊ လေပြွန်ရောဂါ အခံရှိသူများအတွက် ရှိပြီးရောဂါကို ပိုမိုအခြေအနေဆိုးစေပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင်ပါသည်။ လေထုညစ်ညမ်းမှုပြဿနာသည် အထူးသဖြင့် ခြောက်သွေ့ရာသီများတွင် ဖြစ်ပေါ်လေ့ရှိပါသည်။ ကမ္ဘာ့လေထုစောင့်ကြည့်ရေးကွန်ရက်၏အဆိုအရ ထိုင်းနိုင်ငံမြောက်ပိုင်းမှ မြို့အချို့တို့သည် လေထုညစ်ညမ်းမှု အမြင့်မားဆုံးအဆင့်ရှိသည်ဟု သတ်မှတ်ထားသည်။ အဓိကအားဖြင့် ကျေးလက်များတွင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများ ရိတ်သိမ်းခြွေလှေ့ပြီးနောက် စပါးခင်း၊ ကြံခင်း၊ ပြောင်းခင်း စသည့်စိုက်ခင်းများကို ခုတ်ထွင်းရှင်းလင်းမီးရှို့မှု၊ အမှိုက်သရိုက်များ မီးရှို့မှုနှင့် တောမီးလောင်မှုများကြောင့်ဟု ဆိုထားသည်။
မြို့ပြများရှိ လေထုညစ်ညမ်းမှုကိုမူ အထူးပြောဆိုဖွယ်မရှိပေ။ မြန်မာနိုင်ငံ အနေဖြင့်မူ ယခင်က မော်တော်ယာဉ်များနှင့်စက်ရုံ၊ အလုပ်ရုံများမှ ပေါ်ထွက်လာသော အခိုးအငွေ့များကြောင့်ဟု ဆိုခဲ့သော်လည်း ယခုအခါ အဆိုပါအခိုးအငွေ့များအပြင် နေအိမ်လုပ်ငန်းအသီးသီးတွင် နေ့စဉ်အသုံးပြုနေကြသည့် မီးစက်များမှ ထွက်ပေါ်နေသော အခိုးအငွေ့များမှာ မော်တော်ယာဉ်များထက်ပင် ပို၍များနေပြီ ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဖြစ်ပေါ်လာပြီး လူတို့၏ ကျန်းမာရေးကို ကြီးစွာထိခိုက်ခံစားမှုများ ဖြစ်ပေါ်နေသည်ကို အထူးသတိပြု ဆင်ခြင်ကြရမည်ဖြစ်သည်။
လူတို့အနေဖြင့် မိမိတို့၏ ကျန်းမာရေးထက် လူမှုစီးပွားဘဝများကို ဦးစားပေးလုပ်ကိုင်ကြရာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများအပြင် နေ့စဉ်ကျန်းမာရေးနှင့်ညီညွတ်သော အသက်ရှူရှိုက်မှုကိုပင် သတိမမူဘဲ ဇွတ်တိုးလုပ်ကိုင်နေကြရသည်။ ထို့ကြောင့် မသန့်ရှင်းသော လေထုအရည်အသွေးများကို သတိပြုမိပါက မျက်စိအကာအကွယ်၊ အရေပြားအကာအကွယ်၊ အသက်ရှူလမ်းကြောင်း အကာအကွယ်များကို တပ်ဆင်သွားလာလုပ်ကိုင်ကြရန် တိုက်တွန်းအပ်ပါသည်။ ဒေသတွင်းနိုင်ငံများအနေဖြင့် လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် ကာကွယ်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် ကာကွယ်ရေးကို အသိတရားဖြင့်သတိထားကာ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။