Skip to main content

၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ၌ Switch-Bay အသစ် တိုးချဲ့တည်ဆောက်

နေပြည်တော် မတ် ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိ သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော် ရေးဦးစီးဌာန၏ စက်မှုယန္တရားဌာနခွဲ(လှော်ကား) သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ပစ္စည်းများရရှိ/ ထုတ်ပေး/ သုံးစွဲ/လက်ကျန်စာရင်းများကို စနစ်တကျမှတ်တမ်းရေးသွင်း ဆောင်ရွက်ကြရန်၊ ပြင်ဆင်ထားရှိသော စက်ယန္တရားများ၊ စီမံကိန်းအတွက် စက်ပစ္စည်းများနှင့်တာဘိုင်၊ ဂျင်နရေတာများကို စနစ်တကျထိန်းသိမ်းထားသိုရန်၊ နွေရာသီကာလ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးတားလမ်းများ ပြုလုပ်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားပြီး ဂိုဒေါင်များတွင် ပစ္စည်းများသိုလှောင်/ ထိန်းသိမ်းထားရှိမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

လိုက်လံကြည့်ရှု

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၃၀ ကေဗွီ လှော်ကားပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Switch Yard(ဆွိစ်ယာဒ်)အတွင်း လက်ရှိဓာတ်အားပို့လွှတ်ဖြန့် ဖြူးပေးနေမှု အခြေအနေနှင့် တည်ဆောက်ဆဲ ၂၃၀ ကေဗွီ လှော်ကား-အရှေ့ဒဂုံ ဓာတ်အားလိုင်း တည်ဆောက်မည့် ၂၃၀ ကေဗွီ လှော်ကား-ဝါးတရာဓာတ် အားလိုင်းတို့အတွက် Switch-Bay နေရာ တိုးချဲ့ရန်လျာထားမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် လှော်ကားသဘာဝ ဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့်ဆောင်ရွက်ကြရန်၊ ယခုနွေရာသီ ကာလအတွင်း ဓာတ်ငွေ့ရရှိမှုအပေါ် ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်ရေး ကြိုးပမ်းဆောင် ရွက်ပေးကြရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များမှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အား ထုတ်လုပ်/ပို့လွှတ်ပေးနေမှုနှင့်စက်ရုံရှိ စီမံကိန်းပစ္စည်းများ ထိန်းသိမ်းထားသိုမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်