နေပြည်တော် မတ် ၁၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံလူမှုဖူလုံရေးရုံးနှင့် လူမှုဖူလုံရေးဆေးခန်းတို့တွင် အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေးရုံးနှင့် လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်၍ အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရ သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းအင်အားပြည့် လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ရုံးနှင့်ဆေးခန်းရှိ တာဝန်ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန်စီမံခြင်း၊ ရုံးနှင့်ဆေးခန်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာ ဆေးရုံအား လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း၍ အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်ဌာန ၇၉၁ ဌာန၊ အကျုံးဝင် အာမခံအလုပ်သမားဦးရေ ၁၀၉၇၃ ဦးရှိပြီး မြို့နယ်လူမှုဖူလုံရေးဆေးခန်း နှစ်ခန်း၊ ဌာနကြီးဆေးခန်းတစ်ခန်းနှင့် စာချုပ်ဆေးခန်းတစ်ခန်းတို့ ဖွင့်လှစ်ကာ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာန(ပြန်ကြားရေးခန်းမ)၌ ပြည်နယ်ရှိ အရာထမ်း၊ အမှုထမ်းများကိုတွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာနများအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ အဖွဲ့ကလုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံအောင် ဖန်တီးကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်