နေပြည်တော် မတ် ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိများ၊ သင်တန်းသားများ၊ Online မှ တက်ရောက်သူများအပါအဝင် စုစုပေါင်းအင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။
သင်ကြားပို့ချပေးခဲ့
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယခုသင်တန်းတွင် လူကိုယ်တိုင်နှင့် အွန်လိုင်းအပါအဝင် အရာထမ်း/ အမှုထမ်း ၄၂ ဦးကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ဆောင်ရွက်နေသော ဝန်ကြီးဌာနဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာစီးပွားရေးနှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားမှသာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းတွင် လေ့လာသင်ယူခဲ့သော စာတွေ့လက်တွေ့သင်ခန်းစာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး နိုင်ငံတော်နှင့် မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိရှိဖြင့် နိုင်ငံ့အကျိုး သယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများကို ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၄၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအမှတ်စဉ် (၂/ ၂၀၂၄) ကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်