ရန်ကုန် မတ် ၁၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြ (CP) အစာစပ်စက်ရုံ၊ လူမှုဖူလုံရေးဆေးခန်းနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။
ဘေးအန္တရာယ်ကင်းရှင်းရေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စိန်ငွေမြ (CP) အစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများပါဝင်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီများကို ဖွဲ့စည်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်း အလုပ်သမား ၅၀ နှင့်အထက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီများ တိုးချဲ့ဖွဲ့စည်းနိုင်မှုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီအထိ ၂၆ ဖွဲ့၊ (၈၁ ဒသမ ၂၅ ရာခိုင်နှုန်း) ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းထားရှိသည့် ကော်မတီများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်နှင့် ပိုင်ရှင်၊ မန်နေဂျာများကလည်း လိုအပ်သလို ပံ့ပိုးကူညီပေးရန် လိုအပ်ကြောင်း။
စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရန် အလုပ်ရှင်နှင့် အလုပ်သမားလုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ထိုသို့ကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ရန် အလုပ်ရှင်၊ အလုပ်သမားအကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုရှိကြရန် မရှိမဖြစ် လိုအပ်ပြီး တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းခွင်ဆိုင်ရာ ပါဝင်ပတ်သက်သူများအကြား ရေရှည်တည်တံ့ခိုင်မာပြီး တည်ငြိမ်ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းနှင့် အေးချမ်းသာယာသော လုပ်ငန်းခွင်များဖြစ်အောင် ဖန်တီးဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့်လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အေးသာယာစက်မှုဇုန်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်