Skip to main content

သဘာဝမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် “မမွန်မ”ဘလောက်အုတ်လုပ်ငန်း

ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုကာ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို အားပေးကူညီပြီး အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည့် ကရင်ပြည်နယ် မြဝတီမြို့မှ“မမွန်မ” ဘလောက်အုတ်လုပ်ငန်းမှထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ပြည်သူများသိရှိစေရန် ဘလောက်အုတ်လုပ်ငန်းရှင် မသင်းသင်းအိနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။ ။ “မမွန်မ” ဘလောက်အုတ်လုပ်ငန်းကို ဘယ်အချိန်ကတည်းက စတင်တည်ထောင်ခဲ့ပါသလဲ။

ဖြေ။ ။ “မမွန်မ” ဘလောက်အုတ်လုပ်ငန်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။

မေး။ ။ ဘလောက်အုတ်လုပ်ငန်းကို မိဘလက်ထက်ကစတင်ပြီး လက်ဆင့်ကမ်းတည်ထောင်ခဲ့တာလား။

ဖြေ။ ။ ဘလောက်အုတ်လုပ်ငန်းကို ကိုယ်တိုင်တည်ထောင်ခဲ့တာပါ။ မိသားစုစီးပွားရေး လုပ်ငန်းလည်း ဖြစ်ပါတယ်။

မေး။ ။ ဘလောက်အုတ် ထုတ်လုပ်ထားတဲ့ အမျိုးအစားနဲ့အရေအတွက်ကိုသိပါရစေ။

ဖြေ။။ ဘလောက်အုတ် ထုတ်လုပ်မှုအနေနဲ့ အမျိုးအစားသုံးမျိုး ထုတ်လုပ်ပါတယ်။ ဘလောက်အုတ်ငယ်ကတော့ အလျားကိုးလက်မ၊ အနံလေးလက်မ၊ အမြင့်နှစ်လက်မခွဲ၊ ဘလောက်အုတ်လတ် အလျား ၁၇ လက်မ၊ အနံရှစ်လက်မ၊ အမြင့်နှစ်လက်မခွဲနှင့် ဘလောက်အုတ်ကြီး အလျား ၁၇ လက်မ၊ အနံ ရှစ်လက်မ၊ အမြင့်သုံးလက်မခွဲရှိပါတယ်။

မေး။ ။ “မမွန်မ” ဘလောက်အုတ်လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်ထွက်ရှိမှုပမာဏကို ပြောပြပေးပါ။

ဖြေ။ ။ ဘလောက်အုတ်လုပ်ငန်း တစ်နေ့ထုတ်လုပ်မှုပမာဏကတော့ ဘလောက်အုတ်ငယ်အုတ်ချပ်ရေ ၁၀၀၀၀၊ ဘလောက်အုတ်လတ် ၁၅၀၀ နှင့် ဘလောက်အုတ်ကြီး ၁၅၀၀ ထုတ်လုပ်ပါတယ်။

မေး။ ။ ဘလောက်အုတ်လုပ်ငန်း လည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေးဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ ဝန်ထမ်းဦးရေ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၃၀ ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ နေထိုင်မှုအတွက် တန်းလျားခြောက်ခန်းတွဲ တစ်လုံးနဲ့ လုံးချင်းအိမ်သုံးလုံး၊ ရေ၊ မီးအစုံ စီစဉ်ပေးထားပါတယ်။ ကျန်းမာရေး အစစအရာရာစီစဉ်ဆောင်ရွက်ပေးပါတယ်။ နယ်ဝေးက လာရောက်လုပ်ကိုင်တဲ့သူတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။

မေး။ ။အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့  အမြင့်ဆုံးလစာသတ်မှတ်ချက် ဘယ်လိုဆောင်ရွက်ပေးပါသလဲ၊ အုတ်လုပ်ငန်းနေ့စဉ် ဆောင်ရွက်မှုရှိပါသလား။

ဖြေ။ ။ အလုပ်သမားတစ်ဦးရဲ့ လုပ်အားတစ်နေ့ အုတ် ၂၀၀၀ ရိုက်နိုင်ရင် အုတ် ၁၀၀၀ ကို ငွေကျပ် ၁၄၀၀၀ ပေးပါတယ်။ အုတ်ချပ်ရေ ၂၀၀၀ အတွက် ငွေကျပ် ၂၈၀၀၀ ပေးရပါတယ်။ အခြေခံလစာကို ပုတ်ပြတ်အနေနဲ့ တစ်လရှစ်သိန်းခွဲပေးပါတယ်။ အုတ်ရိုက်လုပ်ငန်း နေ့စဉ်ဆောင်ရွက်ရပါတယ်။ မိုးတွင်းကာလမှာတော့ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး ဆောင်ရွက်ပါတယ်။

မေး။ ။ ဘလောက်အုတ်လုပ်ငန်း လုပ်ကိုင် ဖြန့်ဖြူးပေးမှုအခြေအနေနဲ့ ရောင်းချပေးမှု ဈေးနှုန်းတွေကိုလည်း သိပါရစေ။

ဖြေ။ ။ ဖြန့်ဖြူးပေးမှုအနေနဲ့ကတော့ ကရင်ပြည်နယ်နဲ့ မြဝတီမြို့နယ်တွင်း/ပြင် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးပါတယ်။ ဘလောက်အုတ်ငယ်တစ်ချပ်ကို ငွေကျပ် ၁၄ဝ၊ ၁၅၀ နဲ့ ပို့ဆောင်မှု အနီး၊ အဝေးပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ဘလောက်အုတ်ကြီးတစ်ချပ်ကို ငွေကျပ် ၆၅၀ တန်ဖိုးရှိပါတယ်။ မြို့ပြင်ပို့ဆောင်မှု ဈေးနှုန်းငွေကျပ် ၆၈၀ ယူပါတယ်။ ဘလောက်အုတ်လတ်ကတော့ မြို့တွင်း ရောင်းဈေးငွေကျပ် ၅၅၀ ဖြစ်ပြီး မြို့ပြင်ပို့ဆောင်မှု ငွေကျပ် ၅၈၀ နဲ့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးပါတယ်။

မေး။ ။ ဘလောက်အုတ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ပစ္စည်းအမျိုးအစား၊ မှာယူရရှိမှုအခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ ဘလောက်အုတ် ထုတ်လုပ်ရာမှာ ဘိလပ်မြေတစ်အိတ်ကို သဲ ၂၄ ပုံး၊ ကျောက်မှုန့်ခြောက်ပုံးနဲ့ ရေတို့ကိုသင့်လျော်သော အချိုးအစားအတိုင်းဖျော်စပ်ပြီး အသုံးပြုရပါတယ်။ သောင်းရင်းမြစ်မှထွက်ရှိတဲ့ သဲကို သဲစက်ကမှာယူပါတယ်။ ဘိလပ်မြေကိုတော့ အောင်မင်းသန်း (ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း) ဆိုင်ကဝယ်ယူပါတယ်။ ကျောက်မှုန့်ကို (၂၇၅) ကျောက်စက်မှ ဝယ်ယူအသုံးပြုပါတယ်။

မေး။ ။ ဘလောက်အုတ်မှာယူအသုံးပြုမှု အခြေအနေသိပါရစေ။ နောက်ထပ်ဘလောက်အုတ်လုပ်ငန်း တိုးချဲ့ဆောင်ရွက်ဖို့အစီအစဉ်ရှိပါသလား။

ဖြေ။ ။ လုပ်ငန်းရှင်တွေအနေနဲ့ ဂိုဒေါင်တည်ဆောက်အသုံးပြုဖို့အတွက် ဘလောက်အုတ်သေး၊ ဘလောက်အုတ်လတ်မှာယူတာများပါတယ်။ အိမ်ဆောက်အသုံးပြုသူတွေကတော့ ဘလောက်အုတ်ငယ်၊ ဘလောက်အုတ်ကြီး မှာယူပါတယ်။ ဆိုင်ခွဲတိုးချဲ့ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ ဝန်ထမ်းဦးရေထပ်တိုးဖို့လည်း စီစဉ်နေပါတယ်။

မေး။ ။ နိုင်ငံတော်က အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) တစ်ပိုင်တစ်နိုင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးလျက်ရှိသလို မိမိဒေသခံပြည်သူတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် ဆောင်ရွက်ပေးဖို့အစီအစဉ်နဲ့ ယနေ့ခေတ်လူငယ်လေးတွေ အားကျအတူယူဖွယ် မိမိကိုယ်တိုင်စီးပွားရေးဖန်တီး ဖော်ဆောင်နိုင်မယ့် အားပေးစကားပြောပေးပါဦး။

ဖြေ။ ။ ကျွန်မကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့အလုပ်ပေါ်မှာ စေတနာထားလုပ်ကိုင်ဆောင်ရွက်ရင် စေတနာအကျိုးပြန်လည်ခံစားရမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းမှာမဆို လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ အားလုံးကြိုးစားအားထုတ်လုပ်ကိုင်ရင် အလုပ်လက်မဲ့သူမရှိနိုင်ပါဘူး။ မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းမှ ကူညီနိုင်မှာဖြစ်ပါတယ်။ စားဝတ်နေရေးအဆင်ပြေလာရင် လူမှုစီးပွားဘဝလှပသာယာလာမှာဖြစ်ပါတယ်လို့ အားပေးစကားပြောချင်ပါတယ်ရှင်။

နိုင်ငံတော်က ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးခြင်းသည် တစ်ဦးချင်းဝင်ငွေမြင့်မားတိုးတက်အောင် အဘက်ဘက်မှဆောင်ရွက်ပေးသကဲ့သို့ ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ MSME အသင်းဝင်ကတ်ထုတ်ပေးပြီး အသေးစားစီးပွားရေးလုပ်ငန်း ၁၂၄ ခုနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၁၅ ခု စုစုပေါင်း ၁၃၉ ခုရှိကြောင်း ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမာထံမှ သိရသည်။      ။

တွေ့ဆုံမေးမြန်း-ရွှေမြဝတီ၊ သတင်းဓာတ်ပုံ/ရေးသား - ဇာဖြူဝင်း (ခရိုင်ပြန်/ဆက်)