Skip to main content

တပ်မတော်နှင့်အတူလက်တွဲ ပြည်ထောင်စုကြီးအဓွန့်ရှည်ခိုင်မြဲ

မြန်မာနိုင်ငံတွင် အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်ကို ခိုင်မာစွာတည်ဆောက်ခဲ့ခြင်းမရှိသောကြောင့် အင်အားသာလွန်သည့် တိုင်းတစ်ပါးနယ်ချဲ့တို့၏လက်အောက်သို့ နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့ဖူးသည်။ ထို့နောက် အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများ၊ တစုတစည်းတည်းဖွဲ့စည်းခဲ့သည့် တပ်မတော်နှင့်ပြည်သူများ၏ လက်တွဲပူးပေါင်းဆောင်ရွက်မှုများဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။

နိုင်ငံတော်အတွက် လွတ်လပ်ရေးကို ပြန်လည်ရယူရာတွင် လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်ပေ။ အချိန်တိုကာလအတွင်း ရယူခဲ့ခြင်းလည်းမဟုတ်ပေ။ တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်ခဲ့ခြင်းလည်းမဟုတ်ပေ။ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့သော၊ အသက်သွေးပေါင်းများစွာကျခဲ့ရသော၊ တိုင်းရင်းသားပြည်သူ အထောင်အသောင်းတို့ ပူးပေါင်းလက်တွဲလှုပ်ရှားခဲ့ကြရသော၊ ပင်ပန်းကြမ်းတမ်း စွန့်လွှတ်ပေးဆပ်ခဲ့ရပြီး ရေရှည်အနစ်နာခံခဲ့ရသော လွတ်လပ်ရေးကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။

ဆုံးရှုံးခဲ့သောလွတ်လပ်ရေးကို နှစ်ပေါင်းရှည်ကြာစွာပေးဆပ်ရယူခဲ့ကြသလို ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို နှစ်ပေါင်းရှည်ကြာတည်တံ့ ခိုင်မြဲနေစေရန်လည်း တစ်မျိုးသားလုံး၏ စုစည်းညီညွတ်သောအင်အားဖြင့် ကာကွယ်စောင့်ရှောက်နိုင်မှသာ နှစ်ပေါင်းထောင်သောင်းချီ အဓွန့်ရှည်မည်ဖြစ်သည်။ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲ အဓွန့်ရှည်စေရန်အတွက် နိုင်ငံသားတိုင်းအားလုံးတို့က တပ်မတော်နှင့်အတူ လက်တွဲ၍ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းကြောင်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)၊ ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)၊ မျိုးချစ်ဗမာ့တပ်မတော် (ပီဘီအက်ဖ်) တို့ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ဖွဲ့စည်းထူထောင်ပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကူညီမှုဖြင့် နယ်ချဲ့နှင့်ဖက်ဆစ်တို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့ပြီး တိုင်းရင်းသားပြည်သူများအားလုံး၏ တစုတစည်းတည်း အင်အားကိုထုတ်ဖော်ပြသကာ အချုပ်အခြာအာဏာနှင့်လွတ်လပ်မှုကို လက်ဝယ်ပိုင်ပိုင်ပြန်လည်ရယူနိုင်ခဲ့သည်။

သို့သော် လွတ်လပ်ရေးပြန်လည်ရရှိပြီးသည့်အခါတွင် အာဏာရနိုင်ငံရေးပါတီများအတွင်း ဂိုဏ်းဂဏကွဲပြားမှု၊ အချင်းချင်းမညီညွတ်မှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ယိုယွင်းပျက်ပြားလာခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်တွင် တိုင်းပြည်၌ လက်နက်ကိုင်သောင်းကျန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးခဲ့သည့်ရည်မှန်းချက်များ ပျောက်ကွယ်မှေးမှိန်ခြင်းဖြစ်ရုံသာမက ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမည့်အန္တရာယ်များ အကြိမ်ကြိမ်ပေါ်ပေါက်လာသောကြောင့် တပ်မတော်သည် နိုင်ငံ့တာဝန်များကို မလွှဲမရှောင်သာယူခဲ့ရသည်။

တပ်မတော်သည် နိုင်ငံ့တာဝန်များကိုယူခဲ့သော်လည်း ပြည်သူများ၏ဆန္ဒကိုမျက်ကွယ်မပြုဘဲ တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပြီး ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် တပ်မတော်အပေါ် အမုန်းတရားအာဃာတများဖြင့် တစိုက်မတ်မတ် သွေးထိုးလှုံ့ဆော်နေသော အမျိုးသားသစ္စာဖောက်များ၏ ပယောဂကြောင့် အချင်းချင်းစိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခများ ယနေ့ထက်တိုင် ဖြစ်ပေါ်နေသည်ကို တိုင်းရင်းသားပြည်သူအားလုံး ကြုံတွေ့နေရသည်။ ပဋိပက္ခ များ၏ဆိုးမွေများကို ပြည်သူအားလုံးခံစားနေကြရသည်။

ထို့ကြောင့် တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန်အဖြစ် ထာဝစဉ်ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ရာတွင် ပြည်သူများက အားမာန်အပြည့်အဝဖြင့် ပါဝင်ဆောင်ရွက်ကြခြင်း၏ အကျိုးရလဒ်များကို သမိုင်းကြောင်းတစ်လျှောက်တွင် ရရှိခဲ့ကြပြီးဖြစ်သည်။ နိုင်ငံ တော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဆောင်ရွက်ရာတွင် နယ်မြေဒေသအားလုံး အဖျက်ရန်စွယ်အန္တရာယ်မှန်သမျှ ကင်းရှင်းရန်လိုအပ်သည်။

နိုင်ငံတော်တစ်ဝန်းလုံး အေးချမ်းသာယာဝပြောပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူလက်တွဲပြီး သောင်းကျန်းသူအဖျက်သမားများကို ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်သည်။ ပြည်သူများလိုလားသည့် တည်ငြိမ်အေးချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန်အတွက် အဖျက်အန္တရာယ်များကို ရှင်းလင်းဖယ်ရှားရာတွင် တပ်မတော်၏ထက်မြက်သောတိုက်စွမ်းရည်နှင့် တိုင်းရင်းသားပြည်သူများ၏ နိုးကြားတက်ကြွသော ပူးပေါင်းပါဝင်မှုသည် အောင်မြင်မှုပင်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရန်အတွက် အဖျက်သမားသောင်းကျန်းသူများ ချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများကလည်း တပ်မတော်နှင့်အတူ စဉ်ဆက်မပြတ်ပူးပေါင်း ပါဝင်လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။        ။