တရားမဝင်ကုန်သွယ်မှုများက နိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်စေနိုင်သည့်အလျောက် အမျိုးသားအဆင့် နှိမ်နင်းတိုက်ဖျက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုသည် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးငွေကျပ် ၇၀ ဒသမ ၃၁ ဘီလီယံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သော်လည်း တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် “တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံ၌ ဥပဒေကိုကျော်လွန်၍ ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့် ဝိသမလောဘများဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေးများစီးဆင်းမှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက် သွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုများကြောင့် ပြည်တွင်းရှိ စီးပွားရေးကဏ္ဍများစွာကို ဆုတ်ယုတ်စေသည်။ တရားဝင်စီးပွားရေးလုပ်ငန်းများမှာ ဈေးကွက်တွင် တရားမဝင်ရောက်ရှိလာသည့် ကုန်စည်များကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေပြီး ရေရှည်တွင် မရပ်တည်နိုင်တော့ဘဲလုပ်ငန်းများ ရပ်ဆိုင်းသွားရသည့်အခါ နိုင်ငံတော်အတွက် အခွန်အခများဆုံးရှုံးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းသွားခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုနိမ့်ကျစေပြီး ဆင်းရဲနွမ်းပါးမှုကို မြင့်တက်စေခြင်း၊ ရာဇဝတ်မှုခင်းများ တိုးပွားလာစေခြင်းစသည်ဖြင့် ဆိုးကျိုးများတသီတတန်းကြီး ဖြစ်ပေါ်စေသည်။ တရားမဝင်ကုန်သွယ်မှုနည်းလမ်းများဖြင့် ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာသည့် ကုန်စည်များမှာ အရည်အသွေးနိမ့်ပစ္စည်းများ၊ အတုအပများ၊ သက်တမ်းလွန်များနှင့် အန္တရာယ်ရှိပစ္စည်းများစသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ရာ စားသုံးသူများကို နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းပြီးနောက် ၂၄ လကာလအတွင်း ဖမ်းဆီးရမိမှု အမှုတွဲ ၁၀၃၉၅ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၂၀၀ ဒသမ ၄၂၂ ဘီလီယံ ဖမ်းဆီးရမိခဲ့သည်ဟုဆိုပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် သတင်းမှန်ကို အချိန်မီရရှိနိုင်ရေးသည် အလွန်အရေးပါသည်ဟု သိရသည်။
တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံနှင့်ပြည်သူအတွက် အန္တရာယ်ကြီးမားခြင်းကြောင့် အမျိုးသားအဆင့် တိုက်ဖျက်မှုပြုလုပ်ရာတွင် တာဝန်သိပြည်သူတို့၏ သတင်းပေးပို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက လွန်စွာအရေးပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက တာဝန်သိပြည်သူသတင်းပေးမှု ၈၇ ကြိမ်ရှိခဲ့ရာ သတင်းမှားငါးကြိမ်နှင့် နောက်ကျသတင်း နှစ်ကြိမ်ရှိခဲ့ပြီး ဖမ်းဆီးရမိမှုအကြိမ် ၈၀ တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၇ ဒသမ ၈၂ သန်းရှိခဲ့သည်။ အဆိုပါဖမ်းမိတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ရာ စုစုပေါင်းကျပ် ၈၀၃ ဒသမ ၅၆၄ သန်းကို ချီးမြှင့်သွားမည်ဟု သိရသည်။ သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုသတင်းများကို သိရှိလိုပါက ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ်- antiillegaltradeinfo@gmail. com သို့ အချိန်မီဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် တာဝန်သိနိုင်ငံသား ပြည်သူတစ်ဦးအဖြစ် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။