Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12)စာမေးပွဲ ဒုတိယနေ့ကျင်းပ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆို

နေပြည်တော် မတ် ၁၂

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲဒုတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြသည်။

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့လည်းကောင်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ နေပြည်တော်ကောင်စီနယ်မြေ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အ‌ခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကြသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများသို့ ပါမောက္ခချုပ်များ၊ ပညာ‌ရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှု အားပေးသည်။

စာစစ်ဌာနအသီးသီး၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများက စည်းလုံးညီညွတ်စွာ စောင့်ရှောက်ပေးလျက်ရှိပြီး စာစစ်ဌာနအားလုံးတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်