Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်/မယ်များနှင့် တွေ့ဆုံမေးမြန်းခြင်း

 

လူရည်ချွန်စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်မှစတင်၍ သတ္တမတန်းမှဒသမတန်းအထိ ရွေးချယ်ခဲ့သည်။ ယခုနှစ် စနစ်သစ်ပညာရေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ Grade- 9 မှ Grade-12 အထိ ပြန်လည်ရွေးချယ်ခဲ့ရာ ပညာရေးထူးချွန်မှုသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး နိုင်ငံတော်ကိုဦးဆောင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ နှစ်ထပ်ကွမ်းလူရည်ချွန် မဖြိုးဖြိုးသွယ်နှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း(မြို့မ) Grade-10 မှ လူရည်ချွန် မောင်ကျော်ဇင်သိုက်ထွန်းတို့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး။ ။ နှစ်ထပ်ကွမ်းလူရည်ချွန်ရွေးချယ်ခံရသူ မဖြိုးဖြိုးသွယ်အနေနဲ့ ရင်တွင်းခံစားချက်ကို ပြောပြပေးပါဦး။

မဖြိုးဖြိုးသွယ်။ ။ အတိုင်းမသိ ပျော်ရွှင်မိပါတယ်။ သမီးတို့ လူရည်ချွန်ဖြေဆိုထားပြီး သတင်းစာမှာကြေညာခံရတယ်လို့ သိရတဲ့နေ့ကဆို အလွန်ပျော်ရွှင်မိပြီး အိပ်လို့တောင် မပျော်တဲ့အထိ ပီတိဖြစ်ရပါတယ်ရှင့်။

မေး။ ။ လူရည်ချွန် မောင်ကျော်ဇင်သိုက်ထွန်း အနေနဲ့လည်း ရင်တွင်းစကားလေး ပြောပြပေးပါဦး။

မောင်ကျော်ဇင်သိုက်ထွန်း။ ။ ကျွန်တော်က၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကတည်းက လူရည်ချွန်ရဖို့ကြိုးစားခဲ့ပေမယ့် မြို့နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာတော့ ရမည်းသင်းခရိုင်အဆင့် Grade-10 အနေနဲ့ အခုလို လူရည်ချွန်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်လူရည်ချွန်အဖြစ် ရွေးချယ်ခံရတဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။

မေး။ ။ မဖြိုးဖြိုးသွယ်အနေနဲ့ နှစ်ထပ်ကွမ်း လူရည်ချွန်ဖြစ်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရသလဲဆိုတာကို ပြောပြပေးပါဦး။

မဖြိုးဖြိုးသွယ်။ ။ လူရည်ချွန်ဖြစ်ဖို့အတွက်ကျောင်းစာအပြင် ဗဟုသုတရရှိတဲ့ စာအုပ်စာပေတွေကို လေ့လာမှတ်သားရပါတယ်။ ဒါ့အပြင် လူရည်ချွန်ဖြစ်ဖို့ အားကစားနဲ့ စာပေ ဘက်စုံထူးချွန်မှသာဖြစ်တဲ့အတွက် အားကစားကိုလည်း နေ့စဉ်ပုံမှန်လေ့ကျင့်ရပါတယ်။ လူရည်ချွန်ဖြစ်ဖို့ အမြဲလေ့ကျင့်နေရသလို အခြား ပြိုင်ပွဲတွေနဲ့လုံးဝမတူပါဘူး။ ခက်ခဲပါတယ်။ ဒါ့အပြင် မိဘ၊ ဆရာဆရာမတွေရဲ့သွန်သင်ဆုံးမမှုနဲ့ ကြိုးစားရသလို အဓိကတော့ အင်္ဂလိပ်စာကို နေ့စဉ်လေ့လာရပါတယ်။ လူရည်ချွန်ပြိုင်ဘက်တွေလည်း ရှိတာမို့ ကောင်းသောယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်ပြီး ဘက်စုံထူးချွန်အောင် ကြိုးစားခဲ့လို့ အခုလို လူရည်ချွန် ရွေးချယ်ခံရတာဖြစ်ပါတယ်။

မေး။ ။ မောင်ကျော်ဇင်သိုက်ထွန်းအနေနဲ့ လူရည်ချွန်အတွက် ပြင်ဆင်ခဲ့ရတာလေးကို နောင်မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တွေသိရအောင် ပြောပြပေးပါဦး။

မောင်ကျော်ဇင်သိုက်ထွန်း။ ။ ကျွန်တော်က Grade-9 တုန်းက လူရည်ချွန်မရခဲ့ပါဘူး။ ဒါကြောင့် အခု Grade-10 မှာ လူရည်ချွန်ရအောင် နေ့စဉ်ကြိုးစားခဲ့ပါတယ်။ ကျောင်းစာအပြင်ဗဟုသုတရရှိဖို့ စာအုပ်စာစောင်တွေကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာကြည့်တိုက်မှာ အမြဲမပြတ်လာရောက်လေ့လာဖတ်ရှုခဲ့ပါတယ်။ ဒါ့အပြင် မိဘဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုကို လိုက်နာခဲ့ပါတယ်။ အားကစားကိုနီးကပ်မှ ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ယူမယ်ဆိုရင် အခက်အခဲများစွာရှိတတ်ပါတယ်။ ဒါကြောင့် အားကစားနှင့်ကာယပညာဦးစီး ဌာနရဲ့ ကြီးကြပ်သွန်သင်ပေးမှုနဲ့ ကျောင်းဖွင့်စကတည်းက ပုံမှန်လေ့ကျင့်သင်ယူခဲ့ရပါတယ်။

မေး။ ။ ထူးချွန်ထက်မြက်တဲ့သူဖြစ်ဖို့ မိဘဆရာတွေရဲ့ သွန်သင်ဆုံးမမှုခံယူခဲ့တာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။

မဖြိုးဖြိုးသွယ်။ ။ ကံ၊ ဉာဏ်၊ ဝီရိယဆိုပြီး သုံးခုရှိရာမှာ ဉာဏ်နဲ့ဝီရိယနှစ်ခုတည်း ကောင်းလို့မရပါဘူး။ ကံလည်းလိုပါတယ်။ ဒါကြောင့် မိဘ၊ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုခံယူရသလို ဘုရား၊ တရား၊ သံဃာကိုလည်း မေ့ထားလို့မရပါဘူး။ စာတွေ့လက်တွေ့ ကောင်းစွာဖြေနိုင်ဖို့ဆိုရင် ကံကောင်းဖို့လည်းလိုပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘုရား၊ တရား၊ သံဃာကိုလည်း မမေ့လျော့ဖို့ ပြောကြားလိုပါတယ်။

မောင်ကျော်ဇင်သိုက်ထွန်း။ ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဖြစ်တာမို့ ဘုရား၊ တရား၊ သံဃာကို မမေ့လျော့သင့်ပါဘူး။ ဗုဒ္ဓနဲ့ပတ်သက်တဲ့ စာပေတွေ လူရည်ချွန်စာမေးပွဲ မှာလည်း ဖြေဆိုရပါတယ်။

မေး။ ။ ကိုယ်ကာယကြံ့ခိုင်မှုအတွက် ဘယ်လိုလေ့ကျင့်ခဲ့ရသလဲ ဆိုတာကိုလည်း မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တွေ သိအောင် ရှင်းပြပေးပါဦး။

မဖြိုးဖြိုးသွယ်။ ။ ကိုယ်ကာယ ကြံ့ခိုင်ရေးမှာလေ့ကျင့်ခန်း ငါးမျိုးရှိပါတယ်။ (၁) အိပ်ထမတင်၊ (၂) မီတာ ၁၀၀၊ (၃) မီတာ ၄၀၀၊ (၄) အလျားခုန်နဲ့ (၅) ဒိုက်ထိုးတို့ ဖြစ်ပါတယ်။ အဲဒါတွေအတွက် ပထမဦးဆုံးနှစ်စကတည်းက ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင် ဂရုစိုက်ရပါတယ်ရှင့်။ ကျန်းမာမှ ဒီလေ့ကျင့်ခန်း မှန်မှန်လုပ်နိုင်ပါမယ်။ လူရည်ချွန်ဖြစ်ဖို့မှာ အားကစားကလည်း အရေးကြီးပါတယ်။ တချို့က စာကိုသာကြိုးစားပြီး အားကစားမှာ လိုအပ်ချက်ရှိကြလို့ လူရည်ချွန်နဲ့ လွဲသွားကြပါတယ်။

မောင်ကျော်ဇင်သိုက်ထွန်း။ ။ ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ လူတိုင်းအတွက်အရေးကြီးပါတယ်။ ဒါပေမဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ အားကစားနည်းအလိုက် စနစ်တကျရှိစေဖို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှာရှိတဲ့ နည်းစနစ်မှန်ကန်အောင် သင်ယူလေ့ကျင့်ဖို့ လိုပါတယ်။ ကျွန်တော်ဆိုရင် နေ့စဉ်အားကစားကို ပုံမှန်လေ့ကျင့်သလို ကျောင်းပိတ်ရက်တွေအတွင်း အားကစားနည်းတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရပါတယ်။ အားကစားပြုလုပ်ခြင်းကြောင့် စိတ်ရွှင်လန်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေကို လေ့လာဖတ်မှတ် နိုင်ခဲ့ရပါတယ်။

မေး။   ။ နောက်ဆုံး မေးခွန်းအနေနဲ့ မျိုးဆက်သစ် လူရည်ချွန်တွေအတွက်အကြံပြုစကားလေး ပြောကြားပေးပါဦး။

မဖြိုးဖြိုးသွယ်။ ။ မျိုးဆက်သစ် မောင်လေး၊ ညီမလေးတွေကို သမီးလိုပဲလူရည်ချွန် နှစ်ထပ်ကွမ်းမှ ထပ်ကွမ်းလူရည်ချွန်တွေ ဖြစ်စေချင်ပါတယ်ရှင်။ ပြီးတော့ နှစ်စကတည်းက ကျောင်းစာတွေကို မှန်မှန်သင်ယူသလို ပြင်ပဗဟုသုတရရှိစေဖို့ စာပေတွေကို အမြဲလေ့လာနေရပါမယ်။ ဘာကြောင့်လဲဆိုရင် သမီးတို့ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လစဉ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးနည်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ အစရှိတဲ့ပြိုင်ပွဲတွေကို အမြဲဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ရတာမို့ အသိပညာတွေရရှိခဲ့ပါတယ်။ သမီးအနေနဲ့ ကျောင်းသင်ခန်းစာအပြင် ဗဟုသုတရရှိဖို့ ဒီစာကြည့်တိုက်က အကျိုးရှိတဲ့စာပေတွေကိုဖတ်ရလို့ အထောက်အကူတွေအများကြီးရခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေကို ကျောင်းစာအပြင် ဗဟုသုတရရှိစေမယ့်စာပေတွေ လေ့လာကြဖို့နဲ့ကျန်းမာကြံ့ခိုင်ဖို့ အားကစားကိုလည်းမှန်မှန်လုပ်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

မောင်ကျော်ဇင်သိုက်ထွန်း။ ။ ကျွန်တော့်အနနဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က Grade-9 မှာ မြို့နယ်အဆင့်အထိ လူရည်ချွန်ရွေးချယ်ခံရပြီး ခရိုင်အဆင့်မှာတော့ အားကစားမှာ လိုအပ်ချက်တွေရှိတာကြောင့် အရွေးချယ်မခံခဲ့ရပါဘူး။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-10 မှာ ဘက်စုံမျှတအောင် ကြိုးစားပြင်ဆင်ခဲ့လို့ လူရည်ချွန်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေအနေနဲ့ ကျောင်းစာတစ်ခုတည်း ထူးချွန်လို့ လူရည်ချွန်မဖြစ်ပါဘူး။ ဘက်စုံထူးချွန်ဖို့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနဲ့ဘောဂဆိုတဲ့ ဗလငါးတန်ပြည့်စုံဖို့ အရေးကြီးကြောင်း ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။

ယခုကဲ့သို့ လူရည်ချွန်များ၊ ထပ်ဆင့်လူရည်ချွန် တွေဖြစ်လာရန်အတွက် ကြိုးစားအားထုတ်မှုတွေကို မျိုးဆက်သစ်များ နမူနာရယူနိုင်စေရန်နှင့် အတုယူနိုင်စေရန်အတွက် မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။ ။

တွေ့ဆုံမေးမြန်း-သိမ့်သိမ့်မျိုး (လ/ထညွှန်မှူး) ၊ မှတ်တမ်းတင်သူ- ဇော်ဝင်းအောင်(ဓာတ်ပုံ-၂)