ရန်ကုန် မတ် ၁၁
၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုမှ ကျောင်းသား ကျောင်းသူများ ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။
စိတ်အေးချမ်းစွာဖြေဆို
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ်ပညာရေးတွင် ပထမဆုံးစတင်ဖြေဆိုခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်မှုနှင့်အတူ ကျောင်းသားမိဘများလည်း ပျော်ရွှင်စွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်ပညာရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
စာစစ်ဌာန ၇၃ ခု
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ကျောင်းသား ၈၆၀၉ ဦး၊ ကျောင်းသူ ၁၀၃၄၃ ဦးဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယနေ့ မြန်မာစာဘာသာရပ်၌ ကျောင်းသား ၈၁၄၈ ဦး၊ ကျောင်းသူ ၉၉၀၈ ဦးဖြင့် ကျောင်းသား ကျောင်းသူ ၁၈၀၅၆ ဦးဖြေဆိုခဲ့ရာ မြန်မာစာနေ့တွင် ၉၅ ဒသမ ၂၇ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း သိရသည်။ Grade-12 ဖြေဆိုမှုတွင် ဗိုလ်တထောင်မြို့နယ်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အသက် ၆၂ နှစ်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး စိတ်ကြိုက်မြန်မာစာဘာသာရပ်တွင် စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသူတစ်ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် သွေးအားနည်းရောဂါဖြင့် ဆေးရုံမှဖြေဆိုသူ ကျောင်းသူတစ်ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှစ်ဦး၊ အမြင်အာရုံချို့တဲ့သူ သုံးဦး၊ အကြားအာရုံချို့တဲ့သူ သုံးဦးနှင့် အင်းစိန်အကျဉ်းဦးစီးဌာနမှ အကျဉ်းသားခုနစ်ဦးတို့လည်း မြန်မာစာဘာသာရပ်ကို စိတ်အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး သင်ရိုးသစ်ဘာသာရပ်တွင် အခက်အခဲမရှိဖြေဆိုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ဆရာ ဆရာမ ၃၃၉၃ ဦးတို့အား ဇန်နဝါရီလ ဆန်းပိုင်းက သင်တန်းများပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုးသစ် နှင့်စပ်လျဉ်းသည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်းကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)