Skip to main content

ဝါကုန်ကြမ်းမှ ချည်ချောများထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၇ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးရန် စသည့်အချက်များကို ထည့်သွင်းဆွေးနွေး မှာကြားခဲ့သည်။

စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါကို မြန်မာနိုင်ငံတွင် ရှေးကတည်းကပင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ရောင်းချနေရသည့် သီးနှံဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဝါသီးနှံအများအပြားစိုက်ပျိုးရာ ဒေသကြီးများဖြစ်ကြပြီး ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အနည်းငယ်စိုက်ပျိုးကြသည်။ ဒေသမျိုးများကို အဓိကစိုက်ပျိုးကြပြီး အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ပိဿာ ၃၀၀ ဝန်းကျင်သာဖြစ်သည်။ ဝါသီးနှံတစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ခန့် သတ်မှတ်ထားပြီး ပြည်တွင်းမှ မျိုးကောင်းမျိုးသန့်များမှာ တစ်ဧကလျှင် ပိဿာ ၇၀၀-၈၀၀ မှသည် ပိဿာ ၁၀၀၀ အထိ ထွက်ရှိနိုင်သော်လည်း တောင်သူတို့အနေဖြင့် စိုက်နည်းအဆင့်ဆင့်တို့တွင် မှန်ကန်အောင် ပြုလုပ်နိုင်ကြရန် လိုသည်။

ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် စက်မှုလုပ်ငန်းများစွာလည်းရှိနေရာ ပြည်တွင်းရှိ အဆိုပါလုပ်ငန်းများ စဉ်ဆက်မပြတ် ကောင်းစွာလည်ပတ်နေရန်လိုသည်။ ဝါကိုကြိတ်ခွဲခြင်းဖြင့် ဂွမ်းနှင့်ဝါစေ့များထွက်လာသည်။ ဝါစေ့မှဝါစေ့ဆီထုတ်လုပ်နိုင်ခြင်းကြောင့် ဝါကြိတ်စက်လုပ်ငန်းများနှင့်အတူ ဝါစေ့ဆီစက်ကိုပါ တွဲဖက်ထူထောင်ထားကြသည်။ ဝါစေ့ဆီစက်မှ ဘေးထွက်ပစ္စည်းဖြစ်သည့် ဝါကြိတ်ဖတ်များသည် တိရစ္ဆာန်အစာဖြစ်သကဲ့သို့ မှိုစိုက်ပျိုးရာတွင်လည်း အသုံးဝင်သည်။ ဝါဂွမ်းမှ ဆေးရုံ သုံး ဂွမ်း၊ ချည်မျှင်နှင့်ချည်ထည်များ၊ စောင်များ၊ ရိုးရာအဝတ် အထည်များ စသည်ဖြင့် ထုတ်လုပ်ကြခြင်းဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှု၏နောက်တွင် MSME လုပ်ငန်းများ တသီတတန်းကြီး ရှိနေသည်။ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေသည်။ သို့ရာတွင် ပြည်ပမှသွင်းကုန်များက တရားဝင်ရော တရားမဝင်ကုန်သွယ်မှုနှင့်ပါ ဝင်ရောက်လာကြသည့်အခါ ပြည်တွင်းရှိ လုပ်ငန်းငယ်များ ထိခိုက်ဆုံးရှုံးကြရပြီး အချို့လည်း ပြိုလဲသွားကြရသည်။

အခြားသီးနှံများနည်းတူပင် ဝါစိုက်ပျိုးသူတောင်သူများမှာလည်း တည်ငြိမ်ခိုင်မာသည့် ဈေးကွက်ကို မျှော်လင့်ကြသည်။ သွင်းအားစုဈေးနှုန်းများ မြင့်တက်လာခြင်း၊ လုပ်အားခများ မြင့်တက်လာခြင်းတို့ကြောင့် အရင်းအနှီးပိုမို၍ ကြီးမားလာသော်လည်း အကျိုးအမြတ်မရေရာမှုက စိုက်ပျိုးထုတ်လုပ်ရန် စိတ်အားထက်သန်မှုကို လျော့နည်းသွားစေသည်။ ထို့အပြင် စိုက်ပျိုးစရိတ်နှင့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာလိုအပ်ချက်များမှာ ‌တောင်သူတို့၏ အခက်အခဲများတွင် ပါဝင်သည်။ သို့ရာတွင် ဝါသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက ခူးဆွတ်ပြီးချိန်တွင် အလုပ်လုပ်စရာမလိုတော့ဘဲ ဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်သည့် အားသာချက်ရှိနေသည်။

မိမိတို့နိုင်ငံ၌ လက်ရှိထွက်နေသည့် ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်ပစ္စည်းများ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ယင်းအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဝါကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်သည့် လုပ်ငန်းများပြည်တွင်း၌ အောင်မြင်ဖြစ်ထွန်းလာ သည်နှင့်အမျှ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အထောက်အကူတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။ ။