Skip to main content

ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် မတ် ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက်၊ ဥဿာသီရိစာသင်တိုက်၊ သာသနာ့ပါလကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော် ၁၆၀ ပါးတို့က လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့မှ ဘုရားဖူးလာ ဆရာတော်၊ သံဃာတော်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။ ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။

ထိုကဲ့သို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့်သနပ်ပင်မြို့နယ်တို့မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဆရာတော်၊ သံဃာတော်များအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပုံများကို ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းလျှောက်ထားခဲ့ကြသည်။ ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။